ပခုက္ကူ မေ ၈
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည်အဖွဲ့ဝင်များနှင့်အတူ ပခုက္ကူခရိုင် /မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်တွေ့ဆုံပွဲအခမ်းအနားကို မေလ ၇ရက် နံနက် ၁၀နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် မူဝါဒများချမှတ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ကျရာ အခန်းကဏ္ဍများအလိုက် နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီနေထိုင်လုပ်ကိုင်ကြရန်လိုအပ်ကြောင်းလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးစိုင်းမြင့်အေးက မိမိတို့တာဝန်ထမ်းဆောင် သည့်ကာလအတွင်း ကျေးရွာများ၏ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်း ရေးကို အဓိကထား၍ ဆောင်ရွက်လျက်ရှိရာ ရပ် ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက် ပေးရန်လိုအပ်ပြီး တပ်မတော်မှ တာဝန်ယူထားသည့် တစ်နှစ်တာကာလအတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ မကြာမီလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင် စာရင်းများပြုစုတော့မည်ဖြစ်သဖြင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများမှ ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ဧည့်စာရင်းဥပဒေပြဋ္ဌာန်းပြီးဖြစ်၍ ဥပဒေနှင့်အညီ လိုက်နာကြ စေလိုကြောင်း အဖျက်သမားများ၏ သွေးထိုးလှုံ့ဆော်မှုကိုမယုံကြည်ကြပဲ မြဝတီနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သည့်သတင်းများကို ကြည့်ရှုစေလိုကြောင်း ပြောကြားပြီး မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က နယ်မြေဒေသ အေးချမ်းသာယာရေးအတွက် မိမိတို့ရဲ တပ်ဖွဲ့အနေဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးသည် အခြားတိုင်းဒေသကြီးများ နှင့်စာလျှင် တည်ငြိမ်အေးချမ်းလျက်ရှိပြီး ပခုက္ကူခရိုင်သည် ထိခိုက်နစ်နာမှု အနည်းဆုံးထဲတွင် ပါဝင်သောကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆက်လက်ကူညီ ဆောင်ရွက် သွားပေးကြရန် ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ခိုင်ထွန်းဇော်က ပခုက္ကူမြို့နယ်၏ ဒေသန္တရအခြေအနေ များကိုတင်ပြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မိမိတို့သိရှိ လိုသည် များကို မေးမြန်းတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးကြပြီး မကွေးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်