လက်ပံတန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၄)လုံး အမိုးလန်ပျက်စီး

လက်ပံတန်း မေ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၆)အုပ်စုရှိ ကျေးရွာ(၉)ရွာတွင် သစ်ပင်များနှင့် လူနေအိမ်များ ပြိုလဲပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် များ ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပေါက်တောစုကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် နေအိမ်(၁)လုံးပြိုလဲ၊ ပျဉ်းကတိုးကုန်း ကျေးရွာအုပ်စု၊ ဥတိုကျေးရွာတွင် နေအိမ်(၁)လုံး သစ်ကိုင်းပိ၊ (၂)လုံးအမိုးလန်၊ မရမ်းကျေးရွာတွင် နေအိမ်(၂)လုံး၊ ပျဉ်းကတိုး ကုန်းကျေးရွာတွင် နေအိမ် (၂)လုံး၊ ကပိုင်ကျေးရွာတွင် နေအိမ် (၁၁)လုံး အမိုးလန်ပျက်စီးခြင်း၊ ဆင်တလင်းကျေးရွာအုပ်စု အုတ်ဖိုစုကျေးရွာတွင် နေအိမ် (၁)လုံး၊ ကြို့ပင်စခန်းကျေးရွာအုပ်စု သပြေကုန်းကျေးရွာတွင် နေအိမ် (၁)လုံး၊ ပျဉ်ထောင်တွင်း ကျေးရွာအုပ်စု ရွာသစ်စုကျေးရွာတွင် နေအိမ် (၁)လုံးအမိုးလန် ပျက်စီးခဲ့ပြီး ဗောဓိပင်ကျေးရွာအုပ်စု ကျောင်းစုကျေးရွာတွင် နေအိမ် (၁)လုံး သစ်ကိုင်းပိ၍  နေအိမ်(၄)လုံး အမိုးလန်ပျက်စီးမှု များ ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်ပွားရာ နေအိမ်များမှ  လူဦးရေ စုစုပေါင်း (၉၃)တို့အား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် နေရာချထားပေးခြင်းကို သက်ဆိုင်ရာ ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)