ကျောက်ကြီးမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းနေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူ များ ကြည့်ရှုစစ်ဆေး

ကျောက်ကြီး မေ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ရေလဲကျေးရွာနှင့် ထွနီကုန်းကျေးရွာချင်း ဆက်ကျောက်ချောလမ်းခင်းကျင်းဆောင်ရွက်နေမှု အခြေအနေအား ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကော်မတီဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများမှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ငွေလုံးငွေရင်း ၃၉၄ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြီး မြတ်မင်းဗိုလ်ကုမ္ပဏီမှ လုပ်ငန်းဆောင် ရွက်လျက်ရှိသည့် ရေလဲကျေးရွာနှင့် ထွနီကုန်းကျေးရွာချင်းဆက်လမ်း  အရှည် ၃ မိုင် ၃ ဖါလုံ ၊ အကျယ် ၁၆ ပေ ထု ၁၀ လက္မရှိသည့် ကျောက်ချောလမ်းခင်းရန် ကြိုတင်ပြင်ဆင်နေမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် မိုးတွင်းကာလတွင် သွားလာရခက်ခဲပြီး ကျဉ်းမြောင်းသဖြင့် ဆိုင်ကယ် များ သတိထားမောင်းနှင်ရကြောင်း၊ ယခုလိုပြုပြင်လိုက်သဖြင့် စိတ်အေးချမ်းစွာဖြင့် တစ်ရွာနှင့် တစ်ရွာ စီးပွါးရေး၊ လူမှုရေး ဆက်သွယ်သွားလာရာတွင်  အဆင်ပြေသွားကြောင်း ဒေသခံပြည်သူတစ်ဦးထံမှ ကြားသိရ သည်။

K ခိုင်ပြန်/ဆက်