မြဝတီ မေ ၇
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အမှတ်(၄)ရပ်ကွက်တွင် နို့စားနွားမွေးမြူရေးလုပ်ငန်းများ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ နို့စားနွားများသည် တစ်ရက်ကို တစ်ကောင်လျှင် နို့ရည်(၇)ပိဿာနှုန်းခန့်ရရှိပြီး နို့စားနွား ပေါင်း(၁၀၀)ကျော်ရှိသည့်အတွက် တစ်ရက်ကို စုစုပေါင်း နွားနို့ ပိဿာချိန် (၁၅၀)ခန့် ရရှိကြောင်း၊ နွားနို့များကို စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ပြန်လည်ရောင်းချခြင်းဖြင့် တစ်ရက်လျှင် ငွေကျပ်(၃)သိန်းခန့် ရရှိကြောင်း နို့စားနွားမွေးမြူရေး လုပ်ငန်းပိုင်ရှင် ဦးဇော်မင်းထံမှ သိရသည်။
နို့စားနွားများကို အစားအစာအနေဖြင့် တစ်ရက်လျှင် အစာ(၂)ကြိမ် ကျွေးရကာ အစာကြမ်းအဖြစ် မြို့နယ်အတွင်းထွက်ရှိသည့် ကောက်ရိုး၊ ပဲရိုးနှင့် ပြောင်းတို့ကိုကျွေးပြီး ဖြည့်စွက်စာအဖြစ် ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်မှ ထုတ်သည့် နို့ပေးနွားမစာ (Deheus) တို့ကို ကျွေးထားကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)