ကျောင်းကုန်းမြို့တွင် လေပြင်းတိုက်ခတ်၍ အိမ်နှင့်ကျောင်းများပျက်စီး

ကျောင်းကုန်း မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့်ကိုယ်ထူကိုယ်ထ‌ စာသင်ကျောင်းများ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အပါအဝင် ကျေးရွာ(၁၃)ရွာမှ လူနေအိမ်(၃)လုံး ပြိုကျ ပျက်စီးကာ (၃၅)လုံး အမိုးလန်သွားခဲ့ပြီး၊ ဇရပ်ကွင်းအုပ်စု၊ဇရပ်ကွင်းကျေးရွာ အ.မ.က KG ဆောင် နှင့် ဖုန်းဆိုးအုပ်စု၊ ဖုန်းဆိုးကျေးရွာ အ.မ.က မူလွန် KG ဆောင်တို့၏ ကိုယ်ထူကိုယ်ထ ကျောင်း
ဆောင်များ ပြိုကျပျက်စီးခဲ့သည်။ ထို့အပြင် ဝက်ခြံဂရက်အုပ်စု၊ အ.ထ.က ဝက်ခြံဂရက်ရှိ မီးစက် ရုံပေါ် သစ်ကိုင်းကြိုးကျခဲ့ပြီး၊ ရွာသာကုန်းအုပ်စု စာကြည့်တိုက်အမိုးလန်သွားခဲ့သည်။ ဒေါင့်ကွေး အုပ်စု၊ ကွင်းဘောကျေးရွာရှိ အ.လ.က KG ဆောင်နှင့် လူသန့်ချောင်အုပ်စု၊ သရက်ကုန်း‌ကျေးရွာ အ.ထ.က(ခွဲ)ရှိ ကိုယ်ထူကိုယ်ထကျောင်းဆောင်တို့ ပြိုကျပျက်စီးသွားခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ လူနေအိမ်(၂၃) သိန်းကျော်၊ မီးစက်၊ စာကြည့်တိုက်နှင့် ကျောင်းဆောင်(၂၂) သိန်းကျော်၊ စုစုပေါင်း(၄၅)သိန်းကျော်ဖြစ်ပြီး လူနှင့်တိရစ္ဆန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ် ထွေ/အုပ်ရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)