ကျိုက်ဒုံ မေ ၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဝင်းလုံကျေးရွာတွင် နေထိုင်သည့် တစ်ချို့သော တောင်သူများသည် မိသားစု အပိုဝင်ငွေရရှိစေရေးအတွက် မိမိတို့၏ ခြံဝင်းများတွင် ကွမ်းပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်း သိရသည်။
တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူ တောင်သူဒေါ်မဉ္ဇူ၏ ခြံဝင်းတွင် ကွမ်းပင် (၃၅၀) ကျော် စိုက်ပျိုးထားပြီး ရင်းနှီးမြှုပ်နှံမှုမှာ ငွေ(၁)သိန်းကျော် ရင်နှီးထားကြောင်း ၊ ယခုအခါ ကျေးရွာအတွင်း၌ ကွမ်းရွက် ၁ ပိဿာကို ငွေ(၅၀၀၀)ကျပ်ရရှိပြီး နေ့စဉ် ကွမ်းရွက် တစ်ပိဿာနှင့် နှစ်ပိဿာခြား ပုံမှန်ရောင်းရ၍ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရှိရသည်။
ယခင်က ကျေးရွာနေတောင်သူများသည် ကွမ်းပင်များကို မိရိုးဖလာစိုက်နည်းအတိုင်း စိုက်ပျိုးခဲ့ကြပြီး ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာအထိ လာရောက်၍ စိုက်ပျိုးနည်းပညာများကို ပြသဆောင်ရွက်ပေးထားကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
သန်းထွန်းနိုင် (ပြန်/ဆက်)