ကော့ကရိတ် မေ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် နို့စားနွားများက ထွက်ရှိသည့် သဘာဝနွားနို့စစ်စစ်များကို နေ့စဉ်ရောင်းချ နေရပြီး၊ နွားသား ပေါက်များကိုပါ ပြန်လည်ရောင်းချနိုင်သည့်အတွက် အဆင်ပြေလျက်ရှိကြောင်း အမှတ် (၁) ရပ်ကွက်ထန်းပင်ကုန်းရပ်နေ နို့စားနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသည့် တာဝန်ခံတစ်ဦးထံမှ သိရသည်။
နို့စားနွား တစ်ကောင်ကို တစ်ရက်လျှင် ရေသန့်ဗူးဖြင့် နွားနို့ (၈) ဘူးမှ (၁၀)ဘူးအထိ ရနိုင်ကြောင်း၊ နွား နို့တစ်ဘူးလျှင် ဖောက်သည်ဈေးအနေဖြင့် ငွေကျပ် (၈၀၀)ရရှိကြောင်း၊ ကိုယ်တိုင်လှည့်လည် ရောင်းချပါက ငွေကျပ် (၁၀၀၀)အထိ ရရှိကြောင်း၊ အဆိုပါ နွားနို့များကို ကော့ကရိတ်မြို့တွင်သာမက မြဝတီမြို့အထိ တင်ပို့ရောင်း ချလျက်ရှိကြောင်း သိရသည်။
နို့စားနွားများကို နွားနို့များ ထုတ်ယူနိုင်သည့်အပြင် နွားသားပေါက်များကိုပါ မွေးဖွားနိုင်ရာ အရွယ် ရောက်သည့် နွားသားပေါက်တစ်ကောင်လျှင် ငွေကျပ်(၅)သိန်းအထိ ရရှိနိုင်ကြောင်း၊ နို့စားနွားများသည် တစ်နှစ်လျှင် သားပေါက်တစ်ကောင်သာ မွေးဖွားနိုင်ကြောင်း၊ အဆိုပါ နို့စားနွားများကို ကောက်ရိုး၊ မြေပဲပင်အခြောက်၊ ဖရဲသီးနှင့် နို့ပေးနွားမစာ (de heus) များကို ကျွေးရကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)