အုတ်ဖို မေ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မေလ ၆ ရက်နေ့ညနေ ၆ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ကွေ့ချောင်းရပ်ကွက်တွင် နေအိမ်(၅)လုံး၊ နနွင်းကုန်းကျေးရွာအုပ်စုတွင် နေအိမ်(၄)လုံး၊ လွှစင်ကျေးရွာအုပ်စုတွင် နေအိမ်(၂)လုံး၊ သင်မန်းကုန်း ကျေးရွာ အုပ်စုတွင် နေအိမ်(၄) လုံး၊ လိပ်ဥကုန်းကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံး၊ ကျပ်ချောင်းကျေးရွာ အုပ်စုတွင် နေအိမ်(၁)လုံး၊ အောက်ကိုင်းကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံး၊ ဘလားကျေးရွာအုပ်စုတွင် နေအိမ်(၂)လုံးနှင့် မှက္ကတန် ကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံး စုစုပေါင်း ကျေးရွာအုပ်စု(၈)အုပ်စု၊ ရပ်ကွက်(၁)ရပ်ကွက်တွင် နေအိမ် (၄)လုံး ပြိုလဲပြီး နေအိမ်(၁၇)လုံး အမိုးလန်ပျက်စီးခဲ့သည်။
အလားတူ နှောကုန်းကျေးရွာအုပ်စု ကျေးပျတ်ရွာနေသူ မအိအိဖြိုးသည် နေအိမ်ခြံဝန်းအတွင်းရှိ လက်နှပ် တုံကင်တွင်းတွင် ရေနှိပ်နေစဉ် ကွမ်းသီးပင် ဘယ်ဖက်ပုခုံးပေါ်လဲကျ၍ ပုခုံးကျိုးသွားခဲ့ရာ ကြို့ပင်ကောက်မြို့ အောင်မြေမြင့်မိုရ် ဆေးရုံသို့ တင်ပို့ထားရှိခဲ့ကြောင်း လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆွေမျိုးသားချင်းများက နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)