ပဲခူး မေ ၆
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းဝေးခန်းမ၌ မေ ၆ ရက် နံနက် ၁၀ နာရီက ပြည်မြို့ရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ(ပြည်တော်အေး)၏ တာဝန်နှင့်ဝတ္တရား လွှဲပြောင်းခြင်းနှင့် စာချုပ် ချုပ်ဆိုခြင်း အခမ်း အနားကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး အတွင်း ရုပ်ရှင်ရုံအဆင့်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ပုဂ္ဂလိကသို့အပြီး ရောင်းချခဲ့သည့် ရုပ်ရှင်ရုံ (၁၁)ရုံအနက် ပြည်မြို့ရှိ ထွန်းသီရိရုပ်ရှင်ရုံနှင့် ပဲခူးမြို့ရှိ မင်္ဂလာရွှေဟင်္သာ ရုပ်ရှင်ရုံတို့သည် လွှဲပြောင်း/ လက်ခံ မဆောင် ရွက်ခင် ကပင် ရုပ်ရှင်ရုံအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်၍ ရုပ်ရှင်ပြသလျက်ရှိကြောင်း၊ အဆင့်မြှင့်တင်ရန် ကျန်ရှိ သည့် ရုပ်ရှင်ရုံများအနက် ပဲခူးမြို့ရှိ ညွှန့် ရုပ်ရှင်ရုံ၊ ပေါင်းတည်မြို့ရှိ တိုင်းချစ် ရုပ်ရှင်ရုံနှင့် လက်ပံတန်းမြို့ရှိ စိန်စံပါယ်ဦး ရုပ်ရှင်ရုံတို့သည် ပဲခူးတိုင်းဒေသကြီး ရုပ်ရှင်ရုံလုပ်ငန်း ကြီးကြပ်မှု ကော်မတီ၏ ကြီးကြပ်စီမံခန့်ခွဲမှုဖြင့် အဆင့်မြှင့် တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ရုပ်ရှင်ပြသလျက် ရှိကြောင်း၊ အဆင့်မြှင့်တင်ရန် ကျန်ရှိသည့် ရုပ်ရှင်ရုံ (၆) ရုံကိုလည်း ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရုပ်ရှင်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီမှ ရုပ်ရှင်လုပ်ငန်းများ အဆင့်မြှင့်တင်ရေး ကုမ္ပဏီများနှင့်ချိတ်ဆက်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု နိုင်ငံပိုင်ရုပ်ရှင်ရုံဖြစ်သည့် ပြည်မြို့ ပြည်တော်အေး ရုပ်ရှင်ရုံကိုလည်း ခေတ်နှင့်အညီ Digital စနစ် ပြောင်းလဲရေး အဆင့်မြှင့်တင် ပြသနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့်လည်း ပူးပေါင်းပါဝင် ကူညီပေးရန် ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ် က နိုင်ငံပိုင်ရုပ်ရှင်ရုံ(ပြည်တော်အေး)၏ တာဝန်နှင့်ဝတ္တရား လွှဲပြောင်းခြင်းနှင့် စာချုပ် ချုပ်ဆိုခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံပိုင်ရုပ်ရှင်ရုံ(ပြည်တော်အေး)၏ တာဝန်နှင့်ဝတ္တရား လွှဲပြောင်းခြင်း စာချုပ်အား ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့် ကျွမ်းကျင်သူ ဦးသိန်းနိုင်၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကျော်ထွဋ်နှင့် လမ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးတိုးတိုးတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်များ လဲလှယ်ခဲ့ကြကြောင်း သိရှိရသည်။
အခမ်းနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီ အဖွဲ့ဝင်များ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ အတွင်း ရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)