ပုသိမ် မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ မြက်တို၌ ၂၀၂၁ ခုနှစ်၊ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အောက်ရှိ ခရိုင်/ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ၂၀၁၄-၂၀၁၅ မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းအား သုံးသပ်ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်အေးနှင့် တိုင်းဒေသကြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးတင်အေးမှ အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးအဆင့်အဖွဲ့ဝင်များမှ လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးကြသည်။
ထို့အပြင် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်မှ တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးရမည့် အချက်များအား ရှင်းလင်းတင်ပြသည်။
၎င်းနောက် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အောက်တွင် ခရိုင်(၆)ခရိုင်နှင့် မြို့နယ်(၂၆)မြို့နယ်တွင် ကျေးရွာပေါင်း (၁၁,၄၃၃)ရှိပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကျေးရွာပေါင်း (၂၂၁၀)ကျေးရွာ၊ ယူနစ် (၁၇၂၀) ယူနစ်နှင့် လည်ပတ်ရန်ပုံငွေ ကျပ်သန်း(၇၆၇၇၅.၃၃၅) ဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဦးစီးမှူးများမှ မြို့နယ်အလိုက် စီမံကိန်း အားသာချက်/အားနည်းချက်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်မှ နိဂုံးချုပ် စကားပြောကြားကာ သုံးသပ်ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မောင်မောင်မြင့်(iprd)