ပုသိမ် မေ ၅
(၇၅)နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့နံနက်က ကျင်းပရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် Video Clip အား ပြသခြင်း၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ (၈)ဦး၊ စံပြမီးသတ်စခန်းဆုများ၊ ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိခဲ့သည့် တပ်ဖွဲ့ဝင် (၁၅)ဦး တို့အား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ဆက်လက်၍ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် သံဃာတော်ရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆန်၊ ဆီ၊ ဆား၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်ပြီးအသက်(၆၅)နှစ်နှင့်အထက်ရှိသော အငြိမ်းစားမီးသတ်ဝန်ထမ်းဟောင်း (၅)ဦး၊ (၇၅)နှစ်နှင့်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁)ဦး၊ စုစုပေါင်း(၆)ဦးတို့အား ပူဇော်ကန်တော့ ခဲ့ကြသည်။ ထို့နောက်စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ကံစမ်းမဲဖောက် ခြင်းများ ဆောင်ရွက်ခဲ့ပြီး COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)