တောင်ငူ မေ ၆
တောင်ငူ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး စံပြကွက် စနစ်တကျရိတ်သိမ်းခြင်းကို ကန်ရိုး ကျေးရွာအုပ်စုအတွင်း တောင်သူပညာပေး စံပြကွက်တွင် ယနေ့ နံနက်ပိုင်းက အထွက်နှုန်း တိုင်းတာမှု များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ တောင်ငူမြို့နယ်တွင် မေလ ပထမပတ်မှ စတင်ကာ နွေစပါးများကို စက်ဖြင့်ရိတ်သိမ်းမှုများ ကျေးရွာအချို့တွင် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ တောင်သူပညာပေးစံပြကွက်များ ရိတ်သိမ်းရာ၌ ရေဝင်ရက် ၉၀ စပါးဖြစ်သော ထိုင်းနှံ ကောက်စပါးမျိုး တစ်ဧကလျှင် တင်း ၁၂၀ ခန့် ထွက်ရှိကြောင်း သိရသည်။
ယခင်နှစ်များနည်းတူ ယခုနှစ်တွင်လည်း နွေစပါးစိုက်ခင်းများ ထွက်ရှိနှုန်း ပိုမိုကောင်းမွန်သဖြင့် စပါးစျေးနှုန်း ငွေကျပ် ငါးသိန်းအထက် ရရှိနိုင်ပါက နွေစပါးစိုက်ပျိုးတောင်သူများ အနေဖြင့် ပိုမို အဆင်ပြေနိုင်မှာဖြစ်ပြီး မိုးစပါးဆက်လက်စိုက်ပျိုးနိုင်မှာ ဖြစ်ကြောင်း နွေစပါးစိုက်ပျိုးတောင်သူတစ်ဦး က ပြောကြားသည်။ တောင်ငူမြို့နယ်၌ လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ ၄၀၀၀ ကျော်ရှိပြီး စိုက်ပျိုးဧကပေါင်း ၁၆၆၆၅ ဧက ရှိရာ စပါးစိုက်ပျိုးတောင်သူများအနေဖြင့် စတင်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်အထိ စပါးအထွက်နှုန်း ကောင်းမွန်မှုရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှ ကျေးရွာများ၌ တောင်သူပညာပေး စံပြကွက် များ ထားရှိကာ အရည်အသွေးတိုင်းတာခြင်း၊ ပိုးမွှားအန္တရာယ်ကျရောက်မှုနည်းပါးစေရေး၊ မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေရေး၊ မြေသြဇာစနစ်ကျ အသုံးပြုနိုင်ရေး၊ အလေအလွင့်နည်းပါးအောင် နည်းစနစ် မှန်မှန်စိုက်ပျိုးနိုင်စေရေးတို့ အတွက် အသိပညာပေးကဏ္ဍများပါ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်