ကြာအင်းဆိပ်ကြီး မေ ၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်ပျိုးမှုလွယ်ကူပြီး ဝယ်ယူသူများကာ ဈေးကောင်းရရှိသဖြင့် နှစ်စဉ်ဝဥစိုက်ပျိုးသူလည်း များလာလျက်ရှိကြောင်း သိရသည်။
ဝဥပင်များကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တောတောင်နေရာအနှံ့တွင် သဘာဝအတိုင်း ရှင်သန်ပေါက်ရောက်လျက်ရှိပြီး ယခင်ကာလများ၌ ဒေသခံတောင်သူများက တောတောင်များသို့ သွားရောက်ကာ ရှာဖွေတူးယူပြီး ပြန်လည်ရောင်းချကြောင်း သိရသည်။
ယခုနှစ်များတွင် ဝဥဝယ်ယူသူများလာခြင်း ဈေးနှုန်းကောင်းများရရှိလာခြင်းကြောင့် ဝဥမျိုးများသီးသန့် ရယူကာ မိမိ၏လယ်ယာအိမ်ခြံဥယျဉ်အတွင်း၌ စနစ်တကျ ပြန်လည်စိုက်ပျိုးလာကြပြီး နှစ်စဉ်ပုံမှန်ဝင်ငွေများ ရရှိလာကြောင်းသိရသည်။
ဝဥပင်များကို နှစ်ပေသုံးပေခြား အကွာအဝေးဖြင့် ကျင်းတူးကာ ကျင်းအတွင်းသို့ သစ်ရွက်ခြောက်မြေဆွေးများ ထည့်သွင်းစိုက်ပျိုးလာခြင်း အချို့တောင်သူများအနေဖြင့် စိုက်ပျိုးမြေနေရာလုံလောက်မှုမရှိပါက ဘိလပ်မြေအိတ်အခွံလွတ်ကိုအသုံးပြုပြီး မြေဆွေးနှင့် မြေဩဇာများထည့်သွင်းပြီး စိုက်ပျိုးမှုများရှိလာကြောင်း သိရသည်။
ဝဥမျိုး(၂၀)ကျပ်သားခန့် ဥအရွယ်အစားကို စတင်စိုက်ပျိုးလျင် ၆လ၇လခန့်အကြာတွင် (၈၀)ကျပ်သားခန့် တူးဖော်ရရှိပြီး ပြန်လည်ရောင်းချနိုင်ကြောင်း ဝဥပင်အရွက်မှ ထွက်ရှိသည့်ဝဥမျိုးသီးအား ရယူစိုက်ပျိုးလျှင် (၂)နှစ်ကျော်ခန့်မှ တူးဖော်ရောင်းချကြောင်း သိရသည်။
ဝဥပင်ကိုစတင်စိုက်ပျိုးပြီးနောက် သီးခြားပြုစုထိန်းသိမ်းလွယ်ကူမှု စိုက်ပျိုးမှုလွယ်ကူခြင်း ဈေးနှုန်းကောင်းမွန်စွာရရှိခြင်းကြောင့် စိုက်ပျိုးသူများလာပြီး ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း၌ ယခုနှစ်တွင် ဝဥစိုက်ပျိုးဧက (၁၀၉၀)ကျော်ဧကခန့်ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ဝဥဈေးနှုန်းမှာ ယခင်နှစ်က ဝဥတစ်ပိဿာလျှင် ငွေကျပ်(၁၆၀၀)ကျပ် ခန့်ရရှိပြီး ယခုချိန်စိုက်ပျိုးရာသီတွင် ဝဥမျိုးဥများမှာ တစ်တင်းလျှင် ငွေကျပ် ကိုးသောင်းကျပ်မှ တစ်သိန်းကျပ်ခန့် ဈေးနှုန်းရှိကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)