ငဖဲမြို့နယ်၌ နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧကစိုက်ပျိုးပြီးစီး

 
ငဖဲ မေ ၆
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံ ဆည်နှင့် ရင်းရှည်ဆည်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၁၁၅၀ ဧကလျာထားခဲ့ရာ ယနေ့တွင် နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရုံးမှ သိရသည်။
ငဖဲမြို့နယ်တွင် နွေသီးနှံအဖြစ် စပါး၊ ပဲ၊ ပြောင်း၊ မြေပဲ ၊ နှမ်း များကို စိုက်ပျိုးလျက်ရှိရာ လယ်မြေများတွင် နွေစပါးစိုက်ပျိုးမှုကုန်ကျစရိတ်ထက် နွေနှမ်းစိုက်ပျိုးမှုကုန်ကျစရိတ်က ပိုမိုသက်သာပြီး နှမ်းစျေးကောင်းရရှိသောကြောင့်နွေနှမ်းကိုပိုမိုစိုက်ပျိုးကြကြောင်း၊ မန်းချောင်းရေလှောင်တမံဆည်နှင့် ရင်းရှည်ရေလှောင်တမံဆည်တို့မှ ၂၀၂၁ ခုနှစ်တွင် နွေစပါးစိုက်ပျိုးရန်အတွက်ဆည်ရေလုံလောက်စွာ ပေးဝေနိုင်ခြင်းမရှိသဖြင့် နွေနှမ်းသီးနှံစိုက်ပျိုးနိုင်ရန်အတွက်သာ ဆည်ရေပေးဝေနိုင်ကြောင်း၊ ယခင်နှစ်က နွေနှမ်းကို ၁၅၅၀ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ၇၆၉ ဧကသာစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။
ယခုနှစ် နွေနှမ်းကို ကျေးရွာအုပ်စု(၁၅)အုပ်စုတွင် အစိုးရဆည်ရေဖြင့် စမုန်နက်နှမ်းမျိုး (၃၂၉)ဧက၊ဆည်ငယ်၊ကန်ငယ်၊မြေအောက်ရေတို့ဖြင့် (၄၄၀)ဧက စိုက်ပျိုးပြီး နွေစပါးကို ကျေးရွာအုပ်စု (၄)အုပ်စုတွင် အစိုးရဆည်ရေဖြင့် တောင်သူများဆန္ဒအရ မနောသုခမျိုး(၉၅)ဧကစိုက်ပျိုးပြီးစီးပြီး နွေသီးနှံ များအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်း၍ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မယု(ငဖဲ)