မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ "ထ"ကန် သံဘောင်ကွန်ကရစ် တံတား ဆောက် လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

အထက်မင်းလှ မေ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် မင်းလှမြို့ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ "ထ"ကန် သံဘောင်ကွန်ကရစ်တံတား ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိတို့က ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ တံတားသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် မင်းလှမြို့ရုံးရပ်မြောက် ပိုင်းရပ်ကွက်တွင် "ထ"ကန် သံဘောင်ကွန်ကရစ်တံတားဆောက်လုပ်ခြင်းဖြစ်ပြီး အရှည် ၁၁၂ ပေ၊ အကျယ်၁၁ ပေနှင့် အမြင့် ၁၆ ပေ ခွင့်ပြုရန်ပုံငွေ ၃၈၅၅၇၀၀ဝိ/- ဖြင့် လုပ်ငန်းဆောင်ရွက် နေမှုများကို တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်း က ရှင်းလင်းပြောကြားရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းများသတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးရေးနှင့် လုပ်ငန်းဆောင်ရွက်ရာတွင်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ယင်း တံတား တည်ဆောက်မှုအား ၂၆-၄-၂၀၂၁ ရက်နေ့တွင် စတင်ခဲ့ပြီး ၃၀-၆-၂၀၂၁ ရက်နေ့တွင် အပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)