မကွေး မေ ၆
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်(၃) ဦးစိုင်းမြင့်အေးနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မေလ ၄ ရက်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ချောက်မြို့နယ် ကြောင်လျာတောကျေးရွာ အခြေခံပညာထက်တန်းကျောင်းသို့ ရောက်ရှိပြီး Myanmar Land & Development Ltd. မှ တာဝန်ယူ တည်ဆောက်လျက်ရှိသော ၁၂၀’×၃၀’×၁၂’ Steel Structure (၁)ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ရန် လိုအပ် သည်များအား မှာကြားဆောင်ရွက်ကာ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ချောက်မြို့နယ် ဆင်ကကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆိုလာစနစ်ဖြင့် စက်ရေတွင်းတူးဖော်ကာ ရေပေးဝေဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာ ရေပေးရေးကော်မတီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ချောက်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ချောက်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်း များ ပြန်လည်၍ လုပ်ငန်းခွင် ဝင်ရောက်မှု အခြေအနေများ ပြည်သူများ ဆေးဝါကုသမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနေသူ လူနာများအား အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်း များအနေဖြင့် ကောလဟာလများအား မယုံကြည်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးများအား ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဧည့်စာရင်းအား ကြပ်ကြပ် မတ်မတ် စစ်ဆေးဆောင်ရွက်ရန်နှင့် ထူခြားမှုများအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက် ရန် မှာကြားပြီး ရေနံချောင်းမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့သည်။
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ် သုံးဆယ် ခြောက်ကျေးရွာအုပ်စု ဥယျာဉ်စုကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်သည်။
ဆက်လက်၍ ရေနံချောင်းမြို့နယ် မာန်ပြေကျေးရွာအုပ်စု ဖရဲကျွန်းကျေးရွာသို့ ရောက်ရှိပြီး နွေစပါး စိုက်ပျိုးပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ ဘုရားကုန်းကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးဖြစ်သည့် မြေနီလမ်းခင်းခြင်း လုပ်ငန်း ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ တောင်သူများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ ဆက်လက်ထွက်ခွာခဲ့ရာ ရေနံချောင်း ပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းများ ပြန်လည်၍ လုပ်ငန်းခွင် ဝင်ရောက်မှု အခြေအနေ၊ ပြည်သူများ ဆေးဝါကုသမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနေသူ လူနာများအား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေနံချောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသို့ ရောက်ရှိပြီး PKSY Co.Ltd မှ ဆောင်ရွက်နေသည့် ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်းနှင့် မြေညှိခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံကာ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် မိမိတို့နှင့်ပေါင်းစပ်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ အေးချမ်း တည်ငြိမ်မှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လျင်မြန်စွာ ကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးတွင် ပါဝင်ခြင်းမပြုလုပ်ရန်တို့ကို မှာကြား သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)ဦးစိုင်းမြင့်အေးက မီတာ ဖတ်စာရေး နေ့စားဝန်ထမ်းများ ခန့်ထားမည်ဖြစ်၍ လျှောက်ထားနိုင်ကြောင်း၊ ထန်းပင်များ မျိုးတုံးမှု မရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက် ပေးစေလိုကြောင်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ခင်းများ စိုက်ပျိုးကြရန် ဆွေးနွေးပြောကြားပြီး၊ အဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးလှိုင်တင့်က လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများနှင့် မိမိတို့ဆောင်ရွက်နေရမှု အခြေအနေများကို ရှင်းလင်း ပြောကြားကာ တရားဥပဒေ စိုးမိုးရေးအတွက် အားလုံးမှ ဝိုင်းဝန်းပူးပေါင်း၍ ကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး