ကော့ကရိတ် မေ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ အများပြည်သူများအသုံးပြုနေသည့် အမှတ် (၁)ရပ်ကွက် ရွှေကြက်မင်းဘုရားလမ်းမကြီး (ကျိုက်ဒုံလမ်းထိပ်မှ အမက (၁၂) ကျောင်းအထိ)အား ပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလာစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ယခင်ကတ္တရာလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဧပြီ ၂၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ (၉၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းမှာ အရှည် ၁၅၀၀ပေ၊ အကျယ် ၁၄ပေ ရှိ ကတ္တရာလမ်းဖြစ်ပြီး ယခုအခါ ထု ၃ လက်မ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၁ ဒသမ ၅၁သန်းဖြင့် အကုန်ကျခံကာ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အဆိုပါလုပ်ငန်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးစောမောက်ခွတ်ဒါမှ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင် ( ပြန်/ဆက်)