ပွင့်ဖြူမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းထိခိုက်မှု အနည်းဆုံးဖြစ်စေရေး သုံးသပ် ဆွေးနွေးပွဲကျင်းပ

ပွင့်ဖြူ မေ ၅

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် အတွင်းရှိ စီးပွားရေး ဖွံ့ဖြိုးမှုအားနည်းသည့်ကျေးရွာများမှ ဒေသခံကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ကျေးလက်လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ၍  မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါကြောင့် စီမံကိန်းလုပ်ငန်းများ ဖော်ဆောင်ရာတွင် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့လာမှုအပေါ် ဖြေရှင်းဆောင်ရွက်သွားနိုင်ရေးအတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်းထိခိုက်မှု အနည်းဆုံးဖြစ်စေရေး သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ် ခဲ့သည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ကာ မြို့နယ်အတွင်းရှိ ဒေသခံ ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်မှန်း၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းနှင့် ပတ်သက်သော အကြောင်းအရာ များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာများမှ လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များက မိမိတို့ကျေးရွာအလိုက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းနှင့် ပတ်သက် ၍ တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများအား ဆွေးနွေးတင်ပြကြရာ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ကော်မတီအဖွဲ့ဝင်များက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲသို့ မြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများမှ ကော်မတီဝင်များတက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲဝင်းနိုင်