ထန်းတပင် (ပဲခူး) မေ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မဲဘလံကျေးရွာအုပ်စု ညောင်ပင်သာ ကျေးရွာတွင် ယောက်သဝချောင်းဖြတ် မေတ္တာပေါင်းကူးသံကူ ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ် ဘက်ခြမ်းနှင့် ကျောက်ကြီးနယ်ကို ပိုင်းခြားထားသည့် ယောက်သဝချောင်း ပေါ်တွင် ဆိုင်ကယ်နှင့် လူများသာ သွားလာနိုင်သော သစ်သားတံတားနေရာနှင့် ယှဉ်၍ တံတားအရှည် ပေ (၁၂၀) အကျယ် (၁၅) ပေ ၊ ချဉ်းကပ်လမ်းအရှည် (၂၄၀) ပေရှိသည့် မေတ္တာပေါင်းကူး သံကူကွန်ကရစ်တံတား ကို (၂၀၂၀) ပြည့်နှစ် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ တံတား တည်ဆောက်နိုင်ရေးအတွက် ရန်ကုန်မြို့နေ ဦးလေးမြင့်နှင့် ဒေါ်သီသီထွေး မိသားစုမှ အလှူငွေကျပ် သိန်း(၅၀) ဖြင့် ကနဦး မတည်ခဲ့ပြီး ပြည်ထောင်စုရန်ပုံငွေကျပ် (၃၅) သိန်းနှင့် အခြားသော စေတနာရှင် များ စုပေါင်း ထည့်ဝင်ငွေပေါင်း (၁၁၉၇) သိန်းကျော်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ညောင်ပင်သာ ကျေးရွာနေ တံတားဖြစ်မြောက်ရေး အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးမြင့်မောင်က ရှင်းလင်းပြော ကြားသည်။
ဆက်လက်ပြီး မေတ္တာပေါင်းကူးတံတား အလှူရှင်များက စုပေါင်း၍ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသက်ဦးဆွေက အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် တံတားဖြစ်မြောက်ရေး အကျိုးဆောင်ဥက္ကဋ္ဌ ဦးမြင့်မောင်က တံတားတည်ဆောက်ရခြင်းနှင့် လုပ်ငန်းရပ်များကို လည်းကောင်း၊ ကနဦးမတည်အလှူရှင် ဦးလေးမြင့် က တံတားအတွက် လှူဒါန်းရခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ ထန်းတပင်မြို့နယ်မှ ကျောက်ကြီးမြို့နယ် ဘက်ခြမ်းသို့ ရာသီမရွေး လွယ်ကူစွာ ဖြတ်သန်းသွားနိုင်တော့မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ ရောင်းဝယ်ဖောက်ကားမှု ၊ ကုန်စည်စီးဆင်မှုများ သွက်လက်မြန်ဆန်လာတော့မည်ဖြစ် ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)