အုတ်တွင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း မေ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းအေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းမှ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စီမံကိန်းနှင့်ပတ်သက် သော အကြောင်းအရာများအား ရှင်းလင်းဆွေးနွေး ရာ မြစိမ်းရောင်စီမံကိန်းကျေးရွာများတွင် စိုက်ပျိုး သီးနှံများ စျေးကောင်းမရရှိခြင်း၊ မွေးမြူ ထားသော တိရစ္ဆာန်များ ဝယ်ယူမည့်သူ နည်းပါးခြင်း၊ စျေးနှိမ်ခံရခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းနှင့် ကျေးလက်နေ ပြည်သူများ၏ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများနှင့် မိသားစုဝင်ငွေ တိုးပွားရေးအပေါ် ထိခိုက် သက်သာစေရေးအတွက် ဆွေးနွေးခဲ့​ကြသည်။

ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲ များအား ဆွေးနွေးတင်ပြခြင်းအပေါ် မြို့နယ်ကော်မတီဝင်များမှ ပြန်လည်​ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းအေးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ဌာနဆိုင်ရာများ၊ ကျေးရွာစီမံကိန်းလုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာ(၃၉)ရွာမှ ကော်မတီဝင် များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်မာ (ပြန်/ဆက်)