မြိတ် မေ ၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မီးဘေးကာကွယ်ရေးလုပ်ငန်းများတွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ကြသည့် အရန်မီးသတ်စခန်းများနှင့် အရန်မီးသတ်တပ်ရင်းများ၊ စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်များအား မေလ(၅)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုမီးသတ်တပ်ဖွဲ့နေ့တွင် ဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေလ(၅)ရက် နံနက်(၉)နာရီက မြိတ်ခရိုင် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း က (၇၅)နှစ်မြောက် စိန်ရတုမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကား ပြောကြာကြားသည်။
ထို့နောက် မီးဘေးကာကွယ်ရေး လုပ်ငန်းများတွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ကြသည့် အရန်မီးသတ်စခန်းများနှင့် အရန်မီးသတ်တပ်ရင်းများ၊ စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များ၊ ခရိုင်အဆင့်နှင့် တိုင်းဒေသကြီး အဆင့် မီးသတ်ကျင့်ဝတ် ဖြေဆို ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် မီးသတ်တပ်ဖွဲ့နေ့ဂုဏ်ပြု ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိကြသူများအား လည်ဆွဲဆုနှင့် ငွေသားဆုတို့ကို ခရိုင်မီးသတ်ဦးစီးဌာနမှူး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် စိန်ရတုမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများအား မီးငြိမ်းသတ်ခြင်း နှင့် ရှာဖွေကယ်ဆယ်ခြင်း ပညာပေး ဗီဒီယိုပြသ၍ အခမ်းအနား ရုပ်သိမ်းသည်။ အခမ်းအနားအပြီးတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(အငြိမ်းစား) အသက်(၉၀)နှစ် အဘိုးတစ်ဦးအား ခရိုင်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင် များက ကန့်တော့လက်ဆောင်ဖြင့် ကန်တော့ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)