ဘားအံ မေ ၅
ကမ္ဘာတစ်ဝှမ်းကူးစက်ဖြစ်ပွားလျက်ရှိသည့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့နိုင်ငံတို့တွင် မျိုးဗီဇပြောင်းကိုဗစ်-၁၉ ရောဂါများတွေ့ရှိပြီး ရောဂါဖြစ်ပွားသေဆုံးမှုနှုန်း မြင့်မားနေကာ တတိယလှိုင်းအသွင် ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံနယ်စပ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားလာသည့်အတွက် နယ်စပ်ဝင်ပေါက်မှ ပြန်လည်ဝင်ရောက် လာသူများကို ကျန်းမာရေးစစ်ဆေးမှုကိစ္စရပ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးဖို့လိုကြောင်း၊ သတ်မှတ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် လက်ခံထားရှိစောင့်ကြည့်သွားနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများက အဓိကကျပြီး ယခင်ကနှင့်မတူညီတော့သည့်အခြေအနေများကြောင့် စီမံချက်များကို အသစ်ပြန်လည်ရေးဆွဲတင်ပြကြဖို့လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ဖက်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင် ကြသူများ တဖွဲဖွဲပြန်လည်ဝင်ရောက်လျက်ရှိကြောင်း၊ ထိုသို့ပြန်လည်ဝင်ရောက်ကြရာတွင် ယမန်နေ့တစ်ရက်တည်းတွင် ပြည်တော်ပြန်ဦးရေ ၆၀၀ ကျော်ခန့်ရှိပြီး တစ်ရက်ထက်တစ်ရက် ပိုမိုတိုးလာနေကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသည့် မိမိတို့နိုင်ငံသားများကို အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် ဓါတ်ခွဲနမူနာရယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရောဂါပိုးတွေ့သူများကို Quarantine Center တွင်ထားရှိ၍ ပိုးမတွေ့သူများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ပြန်လည်စေလွှတ်လျက်ရှိကြောင်း၊ ဝေးလံသည့် ရခိုင်၊ ချင်း၊ ကချင် ပြည်နယ်များမှ ပြည်သူများကို မြဝတီမြို့ Quarantine Center တွင် (၁၀)ရက်ထားရှိရမည်ဖြစ်ကြောင်း၊ ဓါတ်ခွဲနမူနာ စစ်ဆေးခြင်းလုပ်ငန်းများကို ဗဟိုနှင့်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နေရပ်ပြန်များအား ဧည့်ခံကျွေးမွေးရန် မှအစ လိုအပ်မှုကိစ္စအဝဝကို စီမံချက်ရေးဆွဲ၍ ပြန်လည်တင်ပြကြစေလိုကြောင်း၊ ယခုအစည်းအဝေးကို တက်ရောက်လာသူများအနေဖြင့် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးကြရန်တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာကျော်စွာမြင့်က ပြန်လည်ဝင်ရောက်လာသူ များအား ထိန်းချုပ်ကန့်သတ်ထားနိုင်ရေး၊ ဓါတ်ခွဲနမူနာရယူစစ်ဆေးပေးနိုင်ရေး၊ နေရပ်ပြန်များ၏ သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့်ပြည်နယ်များမှ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြင့် ဆောင်ရွက်ပေးနိုင်ရေး၊ မြို့နယ်များတွင် ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး အစရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ပြီး မြဝတီခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးက ပြန်လည် ဝင်ရောက်လာကြသည့် နေရပ်ပြန်များကို Volunteers အဖွဲ့များဖြင့် ဓါတ်ခွဲနမူနာရယူစစ်ဆေးပေးခြင်းကိစ္စရပ်များ၊ မော်တော်ယာဉ်များဖြင့် ပြန်လည်စေလွှတ်ပေးနေမှုများ၊ Quarantine Center များပြင်ဆင်၍ ထားရှိပေးနေမှုအခြေအနေ များကို တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂)ရဲမှူးကြီးသန်းဝင်းနှင့် အတွင်းရေးမှူးဦးကျော်စိုး တို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်ကဲ့သို့ သဘောထားပြီး ဆောင်ရွက်မှသာ နိုင်နိုင်နင်းနင်းဖြင့် ကာကွယ်ထိန်းချုပ်ကုသနိုင်မည်ဖြစ်သည့်အတွက် အဓိကအခန်းကဏ္ဍတွင် မပါဝင်သူများအနေဖြင့် လည်း ပါဝင်ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)