တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ထားဝယ်တက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပ

ထားဝယ် မေ ၅
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ထားဝယ်တက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့အနေဖြင့် ဆရာ/ဆရာမကြီးများနှင့် ဝန်ထမ်းများအား ယခုလာရောက်အားပေး စကားပြောရခြင်းဖြစ်ကြောင်း၊ ပညာတတ်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပညာတတ်မှ အတတ်ပညာရမှာ ဖြစ်ကြောင်း၊ ပညာရေးကို အဓိကထား ကြိုးစားပေးကြရန်လိုကြောင်း၊ ဥပဒေပညာရပ်နှင့် စီးပွားရေး ပညာရပ်များကို ဦးစားပေးသင်ကြားပေးရန်၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအားလုံး တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်သောနေရာတွင် အားလုံးပူးပေါင်းပါဝင်ပေးကြရန် လိုကြောင်း၊ တွေ့ဆုံပွဲသို့ တက်ရောက်လာ သော ဆရာ/ဆရာမကြီးများနှင့် ဝန်ထမ်းများအားလုံး အထူးကျေးဇူးတင်ရှိကြောင်း၊ ကိုယ်ကျသော တာဝန်၊ ကိုယ်ယူရသောတာဝန် အနာဂတ်တိုင်းပြည်အတွက် စေတနာထားပြီး အကောင်းဆုံးကြိုးစားဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ဆရာ/ဆရာမကြီးများအနေဖြင့် ကောင်းသောအတွေး၊ ကောင်းသောစိတ်ထား များဖြင့် ကျောင်းသား/ကျောင်းသူများကို သင်ကြားပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်တက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာစန်းစန်းဦးက ထားဝယ် တက္ကသိုလ်နှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များက တက်ရောက်လာသော ဆရာ/ဆရာမကြီး များနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်ခဲ့သည်။
အလားတူပင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များက ကွန်ပျူတာတက္ကသိုလ်ရှိ ဆရာ/ဆရာမကြီးများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)