ပုသိမ် မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဆင့်မြင့်ပညာ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ရှိ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စီမံအုပ်ရေးကောင်စီရုံးမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးကုသရေးဦးစီး ဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်၊ မအူပင်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ နည်းပညာတက္ကသိုလ် (ပုသိမ်၊ ဟင်္သာတ၊ မအူပင်)တို့မှ ပါမောက္ခချုပ်များ၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်၊ ဟင်္သာတ၊ မအူပင်)တို့မှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် (ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး)တို့မှ ကျောင်းအုပ်ကြီးများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ၊ ကျိုက်လတ်၊ လပွတ္တာ)တို့မှ ကျောင်းအုပ်ကြီးများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်၊ ဟင်္သာတ၊ မအူပင်)တို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ၆ ခရိုင်မှ ခရိုင်ပညာရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီးမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်က ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် လိုအပ်ချက်များ၊ အခက်အခဲများရှိပါကဆွေးနွေးတင်ပြကြရန်၊ ဆရာ၊ ဆရာမ ဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်လိုပါက သက်ဆိုင်ရာ အကြီးအကဲများရဲ့ သဘောထား၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့အကြံပြုချက်၊ သုံးသပ်ချက်၊ သက်ဆိုင်ရာဝန်ထမ်းရဲ့ ကတိခံဝန်ချက်များ နှင့်အတူစိစစ် ဆောင်ရွက်ပေးနိုင်ရန်၊ လုံခြုံရေးကိုလည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့်တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းများ၏အခြေအနေ၊ ဆရာ/မများ၏အခြေအနေ၊ ကျောင်းသား/သူ အခြေအနေနှင့် သင်ကြားရေး ဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များ၊ ကိုဗစ် - ၁၉ နှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စများနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်က နိဂုံးချုပ်စကားပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မောင်မောင်မြင့် (iprd)