ကော့ကရိတ်မြို့၌ ဒူးရင်းသီးအထွက်နှုန်းကောင်းသော်လည်း  ရောင်းအားကျ

ကော့ကရိတ် မေ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့၊တောင်ကြာအင်းကျေးရွာအုပ်စုရှိ ဖားကျကျေးရွာ၊ လောင်းကိုင်ကျေးရွာ၊ သမိန်ဒွတ်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ကော့ဖောင်းကျေးရွာ၊ မိထလန်းနိုင် ကျေးရွာ၊ နောင်တလာကျေးရွာနှင့် ကမော့ကသူကျေးရွာတို့တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ဒူးရင်းသီးများသည် ယခုနှစ်တွင် မိုးဦးကျစောသည့်အတွက် အထွက်နှုန်းကောင်းသော်လည်း ရောင်းအားကျလျက်ရှိကြောင်း ကော့ကရိတ် - ဘားအံကားလမ်းမဘေး ကိုးတိုင်ကျေးရွာမှ ရာသီပေါ်သီးနှံရောင်းချသူများထံမှ သိရသည်။

 ကိုးတိုင်ကျေးရွာမှ ရာသီပေါ်သီးနှံရောင်းဝယ်လုပ်ကိုင်သူ ဦးစိုးဝင်းက ဒူးရင်းသီးမှာ ယမန်နှစ်ကထက် စျေးအနည်း ငယ်ပိုပေး၍ ဝယ်ယူရတယ်။ တစ်ခါဝယ်ရင်တော့ ငွေကျပ်သိန်း (၃၀)ဖိုးလောက် ဝယ်တာပေါ့။ ဒူးရင်းသီးက အရွယ် အစားအလိုက် စျေးပေးပြီးတော့ ဝယ်ရတာ၊   ဖောက်သည်စျေးအနေနဲ့ ဝယ်တဲ့အခါမှာ စျေးအများဆုံးက တစ်လုံးကို ငွေကျပ် ၄၅၀၀ပေါ့၊ ငွေကျပ် ၃၅၀၀မှ ၁၀၀၀အထိ ပေးရတဲ့ အသီးတွေလဲရှိတယ်၊ အကြီးအသေးအပေါ်မူတည်ပြီးတော့ စျေးကွာတာပေါ့။ဒီနှစ်မှာတော့ နေပြည်တော်၊ တောင်ကြီး၊ တောင်ငူမြို့မှာရှိတဲ့ သစ်သီးအဝယ်ဒိုင်တွေက လှမ်းမှာနေ တဲ့အတွက် ဝယ်လက်ကတော့ ရှိတာပေါ့။ ဒါပေမဲ့ ယမန်နှစ်ကလိုမျိုး မဝယ်ရဲကြဘူး။သစ်သီးအဝယ်ဒိုင်တွေက တစ်ရက်ကို ဒူးရင်းသီး အနည်းဆုံးအလုံးရေ ၃၀၀၀လောက် လှမ်းမှာနေကြတာ။ဒါပေမဲ့ အလုံးရေ၂၀၀၀လောက်ဘဲ ဝယ်ပြီး ပို့ဖြစ်တယ်။ကိုဗစ်-၁၉ ရောဂါကြောင့် ဘယ်အချိန်မှာ လမ်းတွေပိတ်မယ်ဆိုတာမသိဘူးလေ။ဒူးရင်းသီးက ပုပ်ကုန်တွေဆိုတော့ အချိန်ဆွဲထားလို့ မရဘူး။ဒူးရင်းသီးကို ကျေးရွာတွေအထိ သွားရောက်ဝယ်ယူရတဲ့အတွက် ကိုယ့်လက်ထဲမှာဘဲ တစ်ရက် လောက်ကအောက်နေသေးတယ်။ အဲ့ဒါကြောင့် ထိန်းပြီးတော့ဝယ်နေရတယ်ဟု ပြောသည်။

ကိုးတိုင်ကျေးရွာရှိ ရာသီပေါ်သီးနှံဆိုင်တန်းများတွင် ဒူးရင်းသီး ခင်းကျင်းရောင်းချသူတစ်ဦးက ယမန်နှစ်က ခရီးသွား ပြည်သူများ၊ ဘုရားဖူးသွားပြည်သူများက ဒူးရင်းသီးများကို လမ်းကြုံဝယ်ယူအားပေးလို့ တစ်ရက် ကို ငွေကျပ် (၁၅) သိန်းအထိ ရောင်းရတယ်။ ယခုနှစ်မှာတော့ ခရီးသွားပြည်သူများ၊ ဘုရားဖူးသွား ပြည်သူများမှာ အသွားအလာ မရှိသလောက် နည်းပါးလို့ တစ်ရက်ကို ငွေကျပ် ()သိန်းမှ ()သိန်းသာ ရောင်းရတဲ့အတွက် ရောင်းအားကျတယ်ဟု ပြောသည်။အဆိုပါကျေးရွာများတွင် ထွက်ရှိသည့် ဒူးရင်းသီးများကို နေပြည်တော်၊ ရန်ကုန်၊ တောင်ငူ၊ တောင်ကြီး၊ ဘီးလင်း၊ ကျိုက်ကော်၊ ပြင်သဇာ၊ မြဝတီ၊ ဘားအံမြို့တို့ရှိ သစ်သီးအဝယ် ဒိုင်များထံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကော့ကရိတ်မြို့ရှိ ရာသီပေါ် သီးနှံအဝယ်ဒိုင်များထံမှ သိရသည်။

 

စောအောင်မျိုးလွင် (ပြန် / ဆက်)