နတ်မောက် မေ ၄
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်နှင့်အဖွဲ့ ဝင်များ ၊တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျောက်တံခါးဆည်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ကျောက်တံခါးဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုး ထားရှိမှု အခြေအနေ၊ ရွှေပန်းတောကျေးရွာအနီး လမ်းဦးစီးဌာနမှဆောင်ရွက်နေသည့် ရွာမွန်-ဇီးဖြူကုန်း-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် (၇/၂) မှ(၇/၅)ကြား (၁၈)ပေအကျယ် ကတ္တရာ ထပ်ပိုးလွှာ တင်ခြင်းလုပ်ငန်းကိုကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပင်းဗောဓိရွှေညောင်တော်သို့ ဝင်ရောက်ဖူးမျှော်ပြီး ၊ ပင်း အ.ထ.က ကျောင်း သန့်ရှင်းရေးနှင့်ကျောင်းဖွင့်နိုင်ရေးကြိုတင်ပြင်ဆင်ထားမှုကို ကြည့်ရှု့စစ်ဆေးသည်။ ထို့ပြင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ( ရွာမွန် - ဇီးဖြူကုန်း-ကျောက်ပန်းတောင်းလမ်း -တောင်ထောင့်-ကုန်းဇောင်းလမ်း) မြေသားတာဘောင်တင် ဂျင်း/ကျောက်ရော မြေခင်းခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။ ဆက်လက်၍ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ရပ်ကွက်၊ကျေးရွာအုပ်ချူပ်ရေးမှူးများနှင့်တွေ့ဆုံပွဲကျင်းပရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးတင့်လွင်ကပြောကြားရာတွင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဒီမိုကရေစီလမ်းစဉ်အတိုင်း စုပေါင်းဦးဆောင်မှုဖြင့်ဆောင်ရွက်နေကြောင်း၊ ၂၀၀၈ အခြေခံဥပဒေ ကိုလေးစားလိုက်နာရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအားလုံးပါတီနိုင်ငံရေးကင်းရှင်းရန်လိုကြောင်း၊ ယနေ့အချိန်တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်နေသည့်လုပ်ငန်းအရပ်ရပ်များအား (MRTV) ၊ မြဝတီ ရုပ်မြင်သံကြားတို့မှ နေ့စဉ်သတင်းထုတ်လွှင့်ပြသနေသည်ဖြစ်သည့်အတွက် အလေးအနက် ထားပြီး ကြည့်ရှုစေလိုကြောင်း ၊ပညာရေးနှင့်ပတ်သတ်၍ဦးစားပေးဆောင်ရွက်လျှက်ရှိကြောင်း၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းရေး အစီအစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍနှင့်အတူ မွေးမြူရေးကိုလည်းတွဲဖက်ဆောင်ရွက်သင့်ကြောင်းနှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက် ရေး ၊ရည်မှန်းထားသောရည်ရွယ်ချက်များကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကြိုးစား ပေးကြရန် လိုအပ်ပါကြောင်းလမ်းညွှန်မှာကြားခဲ့သည်။ တွေ့ဆုံပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်ထူး ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဝင်းမော် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှုးများတက်ရောက်ခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နှင့်အဖွဲ့ဝင်များသည် နတ်မောက်မြို့ပြည်သူ့ဆေးရုံ ဖွင့်လှစ်ထားမှုအခြေအနေနှင့် အ.ထ.က(၂) ကျောင်းသန့်ရှင်းရေးနှင့် ကျောင်းဖွင့်နိုင်ရေးကြိုတင်ပြင်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဥမ္မာခင်