ပွင့်ဖြူ မေ ၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသော ဒေသခံပြည်သူများအား မေ ၃ ရက် ၊ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ဆက်လက် ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ၊ သံဃာတော်များနှင့် သီလရှင်များ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်းဦးရေ ၅၁၇၀ ဦးအား ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထိုးနှံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများကို ကျန်းမာရေးစစ်ဆေးပေးခြင်း ၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီး စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးခဲ့ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူ ၁၀၁၀ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )