မင်းလှ မေ ၄
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆေးနွေးပွဲကို မေ ၄ ရက် နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
သုံးသပ်ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးညွန့်က အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှခေးက မြစိမ်းရောင် စီမံကိန်း ပျက်ဆီးမှု မရှိစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကျေးရွာစီမံကိန်း ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေး အတွက်ကြုံ တွေ့ရသော အခက်အခဲများအပေါ် သုံးသပ်ဆွေးနွေးပေးနိုင်ရေးကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များက ယခင်နှစ်မှစ၍ ယခုအချိန်ထိ ကိုဗစ် ကပ်ရောဂါ ဖြစ်ပွား လျက် ရှိပြီး စီးပွားရေးအဆင်မပြေမှုများဖြစ်ပွားနေသည့်အတွက် ချေးငွေများကိုတစ်နှစ်မျှ ဆိုင်းငံပေးနိုင်ရေး တို့ကို ဆွေးနွေး တင်ပြခဲ့ကြသည်။
မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၄၄) ရွာတွင် မြစိမ်းရောင်စီမံကိန်း(၄၃) ယူနစ်အား ဆောင်ရွက် ပေးနိုင် ခဲ့ကြောင်းသိရသည်။
ပေါက်စ ပြန်/ဆက်