ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာများအားလုံး  သုံးသပ်အကြံပြုဆွေးနွေးပွဲပြုလုပ်

ပုသိမ် မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာများ အားလုံးသုံးသပ်အကြံပြုဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပုသိမ်မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေသန်း က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းမင်းက အမှာစကားပြောကြားသည်။

၎င်းနောက် တက်ရောက်လာကြသည့် စီမံကိန်းကျေးရွာမျာမှ တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်မှ ရန်ပုံငွေ ထုတ်ယူပေးသွင်းရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ အရင်းအတိုးကြွေးကျန် ကောက်ခံရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ မြေပြင်ကွင်းဆင်း စစ်ဆေးကြီးကြပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ကျေးရွာများတွင်အချိန်ကာလစေ့၍ ရန်ပုံငွေပြန်လည် ပေးသွင်းခြင်း (သို့မဟုတ်)ပြန်လည် ထုတ်ချေးခြင်းတို့ကို ဆောင်ရွက်မည့် အစီအစဉ်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ကြုံတွေ့ရသည့် အခက်အခဲများအား သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြသည်။

ပုသိမ်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၅၃)အုပ်စု၊ ကျေးရွာပေါင်း (၂၈၅)ရွာ ရှိပြီး မြစိမ်းရောင် စီမံကိန်းကို (၂၀၁၄-၂၀၁၅) ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် ယူနစ် (၆၈)ယူနစ်၊ ရွာပေါင်း(၈၈)ရွာကို အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။

မောင်မောင်မြင့် (ပြန်/ဆက်)