ပုသိမ်မြို့တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ နေအိမ် (၅)လုံး မီးလောင်ကျွမ်းခဲ့

ပုသိမ် မေ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊  အမှတ် (၆) ရပ်ကွက်၊ ကုသိန္နာရုံ (၁)လမ်းရှိ ပိုင်ရှင် ဦးအာရွတ် (၆၄) နှစ်၊(ဘ) ဦးမူတူး၏ ၁၆x၄၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တွင် ယနေ့နံနက် ၄ နာရီခန့်က မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ နယ်မြေမီးသတ်စခန်းသို့ တယ်လီဖုန်းသတင်းပေးပို့ခဲ့ရာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ အထောက်အကူပြုယာဉ်တစ်စီး၊ ပိုလန်နိုင်ငံထုတ် မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ပုသိမ်ခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အထောက်အကူပြုယာဉ် တစ်စီး၊ ပုသိမ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ ငဝန်ကျွန်းသာနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး စုစုပေါင်း မီးသတ်ယာဉ် (၁၀)စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ မနက် ၄ နာရီ ၄၀ အချိန်တွင် မီးထိန်းနိုင်ပြီး ၄ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုတွင် မီးငြှိမ်းမီးသတ်ယာဉ်များမှ ရေဂါလံ (၂၃၀၀၀)ခန့် အသုံးပြုခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မနောဖြူလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် (၂)စီးတို့က ပူးပေါင်းပါဝင်ငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ မီးအားမြှင့်စက်အပူလွန်ကဲရာမှ အနီးရှိ အကာပျဉ်သို့ မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် နေအိမ်(၅)လုံးမီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ သုံးဆယ့်တစ်သိန်းသုံးသောင်းခန့် ဖြစ်ကြောင်း၊ လူနှင့်တိရစာ္ဆန်ထိခိုက်မှုမရှိကြောင်း၊  မီးလောင်မှုကြောင့် မီးစတင်လောင်ခဲ့သည့် နေအိမ်ပိုင်ရှင် ဦးအာရွတ်အား ပုသိမ်နယ်မြေရဲစခန်းမှ ပုဒ်မ (၂၈၅) ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြင့်ဟန်(ပြန်/ဆက်)