စေတုတ္တရာ မေ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ မွေးကင်းစမှအသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်မှ စတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing စနစ်ဖြင့် လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်စေခြင်း၊ ကလေးမိခင်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား နှာခေါင်းစည်းများ တပ်ဆင် လာစေခြင်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းတွင် မွေးကင်းစမှ(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)