ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ မေ ၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ နွေစပါးနှင့် နွေနှမ်း အပါအဝင် အခြားနွေသီးနှံများကို မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရ သည်။

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေအား ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် နွေစပါးသီးနှံအတွက် မြောက်မုန်းမြောင်းမကြီးမှ တစ်ဆင့် ဆည်ရေများ စတင်ဖြန့်ဝေပေးခဲ့ပြီး နွေနှမ်းနှင့် အခြား နွေသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ဧပြီလ ၁ ရက်နေ့မှ စတင်၍ တောင်မုန်းမြောင်းမကြီးမှ တစ်ဆင့် ဆည်ရေအား စနစ်တကျ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ဒေသခံတောင်သူများက ဆည်ရေရရှိသည့်အချိန်တွင် မိမိတို့၏ လယ်ယာမြေ များကို ထယ်ရေးညက်အောင် ထွန်ယက်ခြင်း ၊ မြေဩဇာကျွေးခြင်းနှင့် အမှိုက်သရိုက်နှင့်ပေါင်းများ ရှင်းလင်းခြင်းလုပ်ငန်း များကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကာ နွေစပါးနှင့် နွေနှမ်းကို အချိန်မီစိုက်ပျိုးခဲ့ကြသဖြင့် ယခုအခါ နွေနှမ်း စိုက်ခင်းများမှာ အသီးအပွင့်များဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေနှမ်းစိုက်ပျိုးတောင်သူ များထံက သိရသည်။

“ကျွန်တော်တို့ ဒေသခံတောင်သူတွေ နွေသီးနှံစိုက်ပျိုးရာသီချိန်မှာ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးနဲ့ နွေနှမ်းကို နှစ်စဉ် အားထားစိုက်ပျိုးကြပါတယ်။ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် သီးနှံအထွက်နှုန်းလည်း ကောင်းပါတယ်။ ပြီးခဲ့တဲ့ နှစ် ကတော့ ကျွန်တော်တို့ မြောက်မုန်းမြောင်းမကြီးက နွေနှမ်းအတွက်ပဲ ရေပေးဝေခဲ့ပါတယ်။ နွေစပါးအတွက်က တောင်မုန်းမြောင်းမကြီးတစ်လျှောက်ရှိ တောင်သူတွေကိုပဲ ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ကျတော့ ကျွန်တော်တို့ မြောက်မုန်းမြောင်းမကြီးကတောင်သူတွေကို နွေစပါးစိုက်ပျိုးရန်အတွက် ပေးဝေပြီး တောင်မုန်းမြောင်းမကြီးက တောင်သူတွေကိုတော့ နွေနှမ်းစိုက်ပျိုးရန်အတွက် ပေးဝေတာဖြစ်ပါတယ်။ ယခုနှစ်မှာလဲ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အချိန်မီ ဆည်ရေပေးဝေခဲ့တဲ့အတွက် စိုက်ပျိုးထားတဲ့ နွေစပါးနဲ့ နွေနှမ်းစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ ခုရက်ပိုင်း နေအပူချိန်များတော့ နွေနှမ်းစိုက်ခင်းတွေ ရေဖြန်းပေးနေရပါတယ်။ နှမ်းဈေးနှုန်း ကောင်းတော့ တောင်သူတွေအတွက် ပင်ပန်းရကျိုးနပ်ပါတယ်။ ကျွန်တော်တို့ ဒေသမှာတော့ တောင်သူတွေအများစုက ဈေးကွက်ကောင်းတဲ့ စမုံနက်နှမ်းကိုပဲ အများဆုံးစိုက်ပျိုးကြတာဖြစ်ပါတယ်။ အခုဆိုရင် နွေနှမ်းစိုက်ခင်းတွေဟာ အသီးအပွင့်တွေနဲ့ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် မကျည်းရုံကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံစိုက်ပျိုးဧက ၁၉၈၀၄ ဧက နှင့် နွေနှမ်းစိုက်ပျိုးဧက ၃၁၆၆၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)