ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး တရုတ်လှမြစ်ရေတင်လုပ်ငန်းနှင့် ဘားအံငါးလုပ်ငန်းစခန်းနှင့် အိန္ဒုတိုက်နယ်ဆေးရုံတို့အား ကြည့်ရှုစစ်ဆေး

ဘားအံ    မေ     ၂

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့ တရုတ်လှမြစ်ရေတင်လုပ်ငန်းနှင့် ဘားအံငါးလုပ်ငန်းစခန်းတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံမြို့နယ် တရုတ်လှစံပြကျေးရွာ အနီးရှိ တရုတ်လှလျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ ရောက်ရှိပြီး မော်တာ၊ ရေစုပ်စက် (၄)စုံဖြင့် ရေပေးဝေနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန(ရေအရင်းအမြစ်)လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စွာဦးနှင့် တာဝန်ရှိသူများက တရုတ်လှလျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏ ပင်မမြောင်း၊ လက်တံမြောင်း၊ တူးမြောင်းအဆောက်အဦများမှတစ်ဆင့် စိုက်ပျိုးရေပေးဝေနေမှုနှင့် အကျိုးပြု ဧရိယာအတွင်း ရေပေးဝေနိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တရုတ်လှလျှပ်စစ်မြစ်ရေတင်လုပ်ငန်း ရှင်းလင်းဆောင်တွင် တရုတ်လှ၊ ကော့ကျိုက်၊ နောင်ခရိုင် ကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံ၍ မြစ်ရေတင် ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထားရှိမှု အခြေအနေများအား မေးမြန်းပြီး မည်သည့်သီးနှံအမျိုးအစားကိုမဆို စဉ်ဆက်မပြတ် စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှု ဦးစီးဌာန (ရေအရင်းအမြစ်) ပြည်နယ်ဦးစီးမှူးက မြစ်ရေလုပ်ငန်း၏ လုပ်ငန်းဆိုင်ရာအချက်အလက်များ၊ မြို့ပြဆိုင်ရာ တည်ဆောက်ပြီးစီးမှုများ၊ ရေစုပ်စက်ဆိုင်ရာအချက်အလက်များ၊ လျှပ်စစ်ပိုင်းဆိုင်ရာ အချက်အလက်များနှင့် စိုက်ပျိုးရေပေးဝေနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စိုက်ပျိုးထုတ်ကုန်များတိုးတက်လာစေရေး စည်းရုံးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး တရုတ်လှကျေးရွာမှ တောင်သူဦးအောင်ညွန့်၏ အစေ့စိုက်ကန်စွန်း(၄)ဧကစိုက်ခင်းနှင့် ပြောင်းချို၊ ရုံးပတီ၊ ခရမ်း အစရှိသည့် စားဖိုဆောင်သီးနှံစိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့်အဖွဲ့သည် ဘားအံ-မော်လမြိုင်အဖြောင့်လမ်းဘေးရှိ ဘားအံ ငါးလုပ်ငန်းစခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စခန်းတာဝန်ခံဦးသိန်းနိုင်နှင့် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစုံမိုင်းတို့က ဘားအံငါးလုပ်ငန်းစခန်း၌ ငါးသားဖောက်မွေးမြူခြင်းလုပ်ငန်းနှင့် ငါးသယံဇာတပေါများစေရေးအတွက် မြစ်ချောင်းများအတွင်း နှစ်လက်မအရွယ်ငါးသားပေါက်များ စိုက်ထည့်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ငါးသားဖောက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ငါးသားဖောက်ကန်တို့ကို လိုက်လံ ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ထို့နောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးသည် ယနေ့နံနက် ၉ နာရီခွဲခန့်က အဖွဲ့ဝင်(၅) ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဘားအံမြို့နယ် အိန္ဒုတိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်မှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် အိန္ဒတိုက်နယ်ဆေးရုံ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် အဆောက်အဦအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ပြီး ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် အိန္ဒုတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြုဆရာ/မများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)