ဘားအံမြို့ သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနားကျင်းပ

ဘားအံ    မေ     ၂

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ မြို့ကျက်သရေဆောင် ကြာအင်းတောင်ခြေ၌ တည်ဆောက်မည့် သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီး ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီးတည်ဆောက်မည့် မြေနေရာ၌ ကျင်းပသည်။

အခမ်းအနားသို့ လုမ္ဗနီဥယျာဉ်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇ(ဓမ္မကထိကဗဟုဇနဟိတဓရ)၊ ပြည်နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်းတိုက်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဥတ္တရ၊ အမိတာရာမရဲကျောင်းတိုက် ဆရာတော်ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တလင်္ကာရ၊ မဂ္ဂင်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဣန္ဒဝံသ၊ လမင်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကေသရနှင့် တောင်ကလေးအေးရိပ်သာကျောင်းတိုက်ဆရာတော် ဒေါက်တာအရှင်ပညာသာမိ (တောမီရဟန်း) တို့အမှူးပြုသည့် ဆရာတော်၊သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အမှတ်(၂၂)ခြေမြန်တပ်မ ဌာနချုပ်ဒုတိယတပ်မမှူးနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး လုမ္ဗနီဥယျာဉ်ကျောင်း ဆရာတော် ဘဒ္ဒန္တကဝိဓဇ(ဓမ္မကထိကဗဟုဇနဟိတဓရ)ထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်/သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် လုမ္ဗနီဥယျာဉ်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇ(ဓမ္မကထိကဗဟုဇနဟိတဓရ)မှ ဩဝါဒကထာ မြွတ်ကြားပေးတော်မူပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယ တိုင်းမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် ရတနာအုတ်မြတ်တော်စီမဟာမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆရာတော်/သံဃာတော် အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ်များက ရတနာအုတ်မြစ်တော်စီမည့် နေရာ၌နေရာယူကြပြီး တောင်ကလေးအေးရိပ်သာ ကျောင်းဆရာတော် ဒေါက်တာအရှင်ပညာသာမိ (တောမီရဟန်း)မှ ဦးဆောင်၍ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်၊ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်ဆရာတော်များက ရတနာပစ္စည်းဌာနများ ထည့်သွင်းကာ ပရိတ်နံ့သာရည်များ ပတ်ဖျန်းပူဇော်ကြသည်။

ဆက်လက်၍ တောင်ကလေးအေးရိပ်သာကျောင်းဆရာတော် ဒေါက်တာအရှင်ပညာသာမိ (တောမီရဟန်း)မှ ဦးဆောင်၍ ဆရာတော်၊သံဃာတော်အရှင်သူမြတ်များက ရတနာအုတ်မြစ်တော် ပေါ်သို့ စနစ်တကျကွန်ကရစ်သွန်းလောင်းပေးပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)