ကော့ကရိတ် မေ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ်(၂) ရပ်ကွက်တွင် အဘိုးအဘွား လက်ထက်မှစ၍ ယနေ့အထိ လက်ဆင့်ကမ်းလုပ်ကိုင်လျက်ရှိသော အိမ်တွင်းမှုတစ်ပိုင်တစ်နိုင် နတ်မြားတံမြက်စည်းနှင့် အုန်းလက်တံမြက် စည်းလုပ်ကိုင်သူများအနေဖြင့် မိသားစု အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နတ်မြားပင်အခြောက်များကို ကော့ကရိတ်-မြဝတီကားလမ်းဟောင်းရှိ အောက်ဗိုလ်တဲ၊ အလယ်ဗိုလ်တဲတို့တွင် သွားရောက်၍ နတ်မြားပင်အခြောက်တစ်စည်း(အပင်တစ်ထောင်)ကို ငွေကျပ်(၁၀၀၀၀)ဖြင့် အစည်း (၅၀)ခန့် ဝယ်ယူခဲ့ကြောင်း၊ နတ်မြားတံမြက်စည်းပြုလုပ်ပါက ရှေးဦးစွာ နတ်မြားအပွင့်များကို တစ်ပွင့်ချင်းစီချွေ၍ စုပုံထားရပြီး နတ်မြားအရိုး တစ်ချောင်းချင်းတွင် အဆိုပါအပွင့်များကို ပလပ်စတစ်ကြိုးဖြင့် ပြန်လည်ချည်နှောင်၍ ပြုလုပ်ရသည်။
လူတစ်ဦးလျှင် တစ်နေ့ကို တံမြက်စည်း ၂၀ ချောင်းမှ ၂၅ ချောင်းအထိ လုပ်နိုင်ပြီး နတ်မြားတံမြက်စည်း တစ်ချောင်းလျှင် ငွေကျပ် ၈၀၀ မှ ၁၀၀၀ အထိ စျေးရရှိရာ အဆိုပါတံမြက်စည်းများကို နှစ်ရက်ခြား၊ သုံးရက်ခြားဖြင့် ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီနှင့် ဘားအံမြို့မစျေးတို့ရှိ အရောင်းဆိုင်များသို့ ဖြန့်ချိရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အလားတူ အုန်းလက်တံမြက်စည်းကို ပြုလုပ်ရန်အတွက် အရွက်နွှာပြီးသည့် အုန်းဆံများကို အမှတ် (၂)ရပ်ကွက်တွင်သာ ဝယ်ယူပြီး အုန်းဆံတစ်ထောင်ကို ငွေကျပ် ၁၅၀၀ ဖြင့် သုံးပေခန့်ကျော်ရှိသည့် ဝါးအဖျားပိုင်းကို တစ်လုံးလျှင် ငွေကျပ် ၁၀၀၊ စက်ဘီးတာယာအဟောင်းတစ်လုံးကို ငွေကျပ် ၅၀ ဖြင့် ဝယ်ယူရပြီး ၆ လက်မခန့်ရှိသည့် နှီးများကို ကိုယ်တိုင် ဖြာယူရသည်။ အုန်းလက်တံမြက်စည်းပြုလုပ်ရာတွင် ဓားမဖြင့် အချောသတ်ထားသည့် ဝါး၏ထိပ်ဖျားနှင့် ထိပ်ဖျားအောက်အနည်းငယ်တွင် လက်မဝက်ခန့်လှီးထားသည့် စက်ဘီးတာယာကို တစ်ခုလျှင် သုံးပတ်ခန့် ရစ်ပတ်၍ ခိုင်ခံအောင်သံဖြင့် ရိုက်ထားရပြီး သက်ကယ်ပစ်သဏ္ဍာန်သီထားသည့် အုန်းဆံများကို သီဖွဲ့ရက်လုပ်ကာ နှီးဖြင့်ပြန်လည်ထိုး၍ ပြုလုပ်ရသည်။ ယခုအချိန်တွင် အုန်းလက်တံမြက်စည်းအသေးတစ်ချောင်းကို ငွေကျပ် ၁၂၀၀၊ အကြီး တစ်ချောင်းကို ငွေကျပ် ၁၇၅၀ စျေးရရှိပြီး ကော့ကရိတ်မြို့မစျေးရှိ အရောင်းဆိုင်များတွင်သာ ဖြန့်ချိရောင်းချလျက် ရှိကြောင်း၊ တံမြက်စည်းလုပ်ငန်းများမှာ အရင်းအနှီးနည်းပြီး အမြတ်များများရရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း ကော့ကရိတ်မြို့ အမှတ် (၂) ဝင်းကြီးရပ်နေ တံမြက်စည်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)