စစ်ကိုင်း မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့များသည် စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး စေတီတော်ကြီး ဘက်စုံပြုပြင် မွမ်းမံနိုင်ရေးအတွက် အလှူငွေကျပ်(၃)သိန်းကို လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့များက လက်ခံပေးခဲ့ကြသည်။
ဆက်လက်၍ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)ဥက္ကဋ္ဌနှင့် အဖွဲ့များအားတွေ့ဆုံ၍ ကျောက်မျက် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး စစ်ကိုင်းမြို့ ကားကြီးကွင်းအနီးရှိ Information Centre ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပေးခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းစက်မှုဇုန်သို့ သွားရောက်၍ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် လုပ်ငန်းရှင် များအား တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးပေးပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက စက်ရုံများလည်ပတ်နေမှု၊ အလုပ် အကိုင် အခွင့်အလမ်းရရှိနေမှုများကိုတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် အုန်းတောကျေးရွာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့် ရွာသစ်ကြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းသို့ ရောက်ရှိရာ တာဝန်ရှိသူအကြီးအကဲများက ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာအစည်းအဝေးခန်းမများ၌ ခေတ္တပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က ကျောင်းများ၏ အချက်အလက်နှင့် သမိုင်းအကျဉ်းတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး ကျောင်းများရှိ စာကြည့်တိုက်များ၊ စာသင်ဆောင်များ၊ အိပ်ဆောင်နှင့် စားသောက်ဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင် (ခရိုင်ပြန်/ဆက်)