ပုသိမ်မြို့၊ ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးတွင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလက်ခံကုသပေး

ပုသိမ် ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် မတ်လ၂၄ရက်နေ့ မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုကိုတိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူးဒေါက်တာ ဇော်မင်းထွန်း၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့၏ အနီးကပ်ကြီးကြပ် မှုဖြင့် အထူးကုဆရာဝန်ကြီး ၁၁ ဦး ၊ အထူးကုဆရာဝန် ၉ ဦး ၊ အထူးကုလက်ထောက်ဆရာဝန် ၅ ဦး ၊ ရိုးရိုး လက်ထောက် ဆရာဝန် ၄ ဦး ၊ သူနာပြု ၁၀၆ ဦးတို့က နေ့ညမပြတ် လူနာများအား လက်ခံကုသပေးလျက် ရှိကြောင်းသိရသည်။

၎င်းအပြင် မတ်လ ၁၉ ရက်နေ့မှစ၍ ပြင်ပလူနာများကိုလည်း အထူးကုဆရာဝန်ကြီးများက အရိုးရောဂါကို တနင်္လာနေ့ နှင့် ဗုဒ္ဓဟူးနေ့တွင် နံနက် (၁၀)နာရီမှ(၁၂)နာရီအထိ လည်းကောင်း ၊ ကလေးရောဂါကို တနင်္လာနေ့ နှင့် ကြာသပတေးနေ့ တွင် နံနက်(၁၀) နာရီမှ (၁၁)နာရီအထိ လည်းကောင်း ၊ မျက်စိရောဂါကို တနင်္လာနေ့ နှင့် ဗုဒ္ဓဟူးနေ့တွင် နံနက်(၁၀)နာရီ မှ(၁၁)နာရီအထိ လည်းကောင်း ၊ သားဖွားမီးယပ်ရောဂါကို အင်္ဂါနေ့နှင့် ကြာသပတေးနေ့ နံနက် (၁၀)နာရီမှ (၁၁)နာရီထိလည်းကောင်း ၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါများကို အင်္ဂါနေ့ နှင့်သောကြာနေ့တွင် နံနက် (၁၀)နာရီမှ(၁၁)နာရီအထိ လည်းကောင်း ၊ ခွဲစိတ်ကုသမှုကို တနင်္လာနေ့  နေ့လည်(၂)နာရီမှ (၃)နာရီအထိ နှင့် ဗုဒ္ဓဟူးနေ့တွင် နံနက် (၁၀)နာရီမှ(၁၁)နာရီအထိ လည်းကောင်း ၊ ကင်ဆာ ရောဂါကို အင်္ဂါနေ့ နှင့်သောကြာနေ့ နေ့လည်(၂)နာရီမှ (၃)နာရီထိ လည်းကောင်း ၊ ခုခံကျရောဂါကို ကြာသပတေးနေ့ နေ့လည်(၂)နာရီမှ (၃)နာရီထိလည်းကောင်း လက်ခံကုသပေးလျက်ရှိပါသည်။

ကိုဗစ်-၁၉ကာလဖြစ်သည့်အတွက် သံသယလူနာများကိုလည်း စစ်ဆေးပြီး ပိုးတွေ့ရှိပါက ကိုးသိန်းဆေးရုံတွင် လက်ခံကုသပေးလျက်ရှိကြောင်း” ကုတင်(၅၀၀)ဆံ့ ဆေးရုံအုပ်ဒေါက်တာ ကောင်းမြတ်စိုးကပြောသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)