မင်းဘူး ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာရုံးများအတွက် စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦ အသစ်ဆောက်လုပ်ခြင်း ပန္နက်တော် တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စုပေါင်းရုံး(၄)ထပ်ဆောင် အဆောက်အဦ အသစ်ဆောက်လုပ်ခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင် တက်ရောက်အဖွင့်အမှာ စကားပြောကြားပြီး အေဝမ်း(A1)ဆောက်လုပ်ရေးကုမ္ပဏီမှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်သိင်္ဂီလင်းမှ စုပေါင်းရုံး(၄)ထပ်ဆောင် တည်ဆောက်သွားမည့် အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းဦး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစန်းဌေး၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ အေဝမ်း(A1)ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဌ ဦးရန်ဝင်း၊ အေဝမ်း(A1)ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးအာကာကြိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်ကံတို့က သတ်မှတ်ထားသော နေရာအသီးသီးတွင် ပန္နက်တိုင်များအား စိုက်ထူပေးခဲ့ပြီး အမွေးနံ့သာရေများ ပက်ဖျန်း ပေးခဲ့ကြသည်။
စုပေါင်းရုံး(၄)ထပ်ဆောင် အသစ်ဆောက်လုပ်ခြင်းကို ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် သိန်းပေါင်း နှစ်သောင်းနှစ်ထောင်ဖြင့် အလျား ၁၅၆ပေ၊ အနံ ၇၈ပေ၊ လေးထပ်ဆောင်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှစတင်၍ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လုပ်ငန်းကာလ (၁၁)လဖြင့် အပြီးတည်ဆောက်မှာဖြစ်ပြီး တင်ဒါအောင်မြင်ခဲ့သည့် အေဝမ်း(A1)ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်း အေဝမ်း(A1) ဆောက်လုပ်ရေးကုမ္ပဏီမှ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်သိင်္ဂီလင်းထံမှ သိရသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အေဝမ်း(A1)ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)