ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကော့ကရိတ်ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်

ကော့ကရိတ်  ဧပြီ  ၃၀

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကော့ကရိတ်ခရိုင်၊  ကော့ကရိတ်မြို့နယ် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ဧပြီလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်က ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ၏ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတာဝန်ကို လွှဲပြောင်းရယူခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရမည်ဖြစ်ကြောင်း၊  ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမည် ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေထွန်းအောင်က ဒေသဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြပြီး ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ အခြေခံပညာ ကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ထားမှု၊ ဆေးရုံဆေးခန်းများဖွင့်လှစ်ထားမှု၊ ထိုင်းနိုင်ငံမ ှနေရပ်ပြန်များ ဝင်ရောက်နေမှု၊ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးနေမှု နှင့် ဒေသဖွံဖြိုးရေး လုပ်ငန်းလျာထားချက် များကို ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လုံခြုံရေးတပ်ဖွဲ့ဝင်များအား စုစုပေါင်းငွေကျပ် တစ်ဆယ့် ခုနှစ်သိန်းခွဲခန့်တန်ဖိုးရှိ စားသောက်ကုန်နှင့်စားစရိတ်များကိုထောက်ပံ့ပေးအပ်ရာ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စစ်ဦးစီး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီးကျော်စွာမျိုးက လက်ခံရယူပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာသော ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။

ထို့နောက် ကော့ကရိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်(၃) ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ညွှန်ကြားရေးမှူးဦးရဲထွန်းဦးက နိုင်ငံသားဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာ များတွင် ကော့ကရိတ်မြို့နယ်ဦးစီးမှူးရုံးမှဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေး ကတ်ပြား ၃၃၀ ကတ်ကို တစ်ဦးချင်း အလိုက်လက်ဝယ်သို့ပေးအပ်ခဲ့ပြီး လုံခြုံရေးဝန်ထမ်း ရဲမိသားစုအား ထောက်ပံ့ကြေး ၅၀၀၀၀၀(ငါးသိန်း)ကို  ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အဆိုပါခန်းမ၌ပင် ကော့ကရိတ် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသ ဖွံဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတား လိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာ ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာလိုလားချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး က သက်ဆိုင်ရာ ဌာနဆိုင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)