ဘားအံ ဧပြီ ၂၉
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်နိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေ စာရင်းထုတ်ပေးနိုင်ရေး(ပန်းခင်းစီမံချက်)ဖြင့် ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရှင်းလင်းပြောကြားပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက ဘားအံစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇေထက်အောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်နိုင်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးနိုင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ် ဦးစီးမှူးဦးအောင်ဝင်းနှင့်မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်တို့က ရှင်းလင်း ပြောကြားခဲ့သည်။
ထိုသို့ရှင်းလင်းရာ တက်ရောက်လာကြသောဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိလိုများကိုမေးမြန်းခဲ့ကြကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု လူဦးရေစာရင်းများ မရှိသေးသော ရွေ့ပြောင်း ပြည်သူများနှင့် မူရင်းဇာတိနေ ပြည်သူများအတွက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်