ငဖဲ ဧပြီ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာမှတောင်သူများ အနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်လျက်ရှိရာ ကျေးရွာ၏မြောက်ဘက်ရှိကိုင်းမြေတွင် မြေအောက်ရေကိုအသုံးပြု၍ အီတလီနံပါတ် ၃ စပျစ်မျိုးကို စိုက်ပျိုးထားရှိရာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အီတလီနံပါတ် ၃ စပျစ်ပျိုးပင်ပေါက်များကို ရမည်းသင်းမြို့နယ်မှဝယ်ယူရရှိပြီး တစ်ပင်ကို ငွေကျပ် ၅၀၀ နှုန်းပေးရကြောင်း၊ စိုက်ပျိုးမည့်ကိုင်းမြေ ကိုထယ်ထွန်၊ မြေပြုပြင်၍ မြေဆွေး သဘာဝ မြေသြဇာများထည့်သွင်းပြီး စပျစ်ပင်များကို ပင်ကြား၃ပေ တန်းကြား ၇ပေ ကြိုးတန်းစနစ်ဖြင့် စိုက်ပျိုးထားရှိပြီး နေ့စဉ်ရေသွင်းပေးရကြောင်း၊ကိုင်းမြေ တစ်ဧကခွဲမှာ စပျစ်ပင်ပေါင်း သုံးထောင် ကျော်ကိုစိုက်ပျိုးထားရာအရင်းအားဖြင့် ငွေကျပ် သိန်းတစ်ရာခန့် ကုန်ကျကြောင်း၊ စတင်စမ်းသပ် စိုက်ပျိုးမှုဖြစ်၍ စပျစ်စိုက်ပျိုးရေးပညာရှင်ခေါ်ယူပြီး ပေါင်းစပ်ညှိနှိုင်းစိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ အပင်ရှင်သန်ဖြစ်ထွန်းရေးအတွက် ပိုးသတ်ဆေး မှိုသတ်ဆေး သဘာဝအားဆေးရည် များပက်ဖြန်း ပေးရကြောင်း၊ စပျစ်ပင်များကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင်စတင်စိုက်ပျိုးခဲ့ရာ ယခုနှစ် ဇန်နဝါရီလတွင်အသီးစသီးကြောင်း၊ စပျစ်သီးများကို တစ်ပိသာလျင် ဖောက်သည် စျေး ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ငဖဲမြို့မစျေးနှင့် ပဒါန်းကျေးရွာသို့ပေးသွင်းရောင်းချရပြီး ခြံသို့လက်လီလာဝယ်ပါက တစ်ပိသာလျင် ငွေကျပ် ၃၀၀၀ ဖြင့်ရောင်းချရပြီး တစ်နေ့လျှင်စပျစ်သီး ပိသာ ၆၀ မှ ၈၀ ခန့်ထိ ခူးဆွတ်ရောင်းချရလို့ နေ့စဉ်ပျမ်းမျှဝင်ငွေ နှစ်သိန်းခန့်ရရှိကြောင်း၊ စပျစ်စိုက်ပျိုးရေး လုပ်ငန်း အဆင်ပြေလို့ စိုက်ပျိုးရေးလုပ်ငန်း စိတ်ဝင်စားသူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးရောင်းချ သင့်ကြောင်း ပင်ဦးကျေးရွာမှ စပျစ်စိုက်ပျိုးရောင်းချသူ တောင်သူဦးဇင်မင်းထိုက် ကပြောကြား သည်။
မယု(ငဖဲ)