ဟားခါး ဧပြီ ၂၈
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်ပြုလုပ်သည့် သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၆၀)နှစ်နှင့်အထက် ရှိသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (COVISHIELD) ဒုတိယနေ့ဆက်လက်ထိုးနှံပေးခြင်းကို ဧပြီ ၂၈ ရက် နံနက် ၉နာရီတွင် ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(COVISHIELD) ထိုးနှံပေးမှုကို ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက် ပေးကြပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးပြီးသူ များကို မိနစ်(၃၀)ခန့် အနားယူစေခဲ့ပါသည်။
ချင်းပြည်နယ်အတွင်း မြို့နယ်များရှိ သံဃာတော်များ၊ သီလရှင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၆၀) နှစ်နှင့်အထက် ရှိသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မတ်လ(၃၀)နှင့်မတ်လ(၃၁)ရက်နေ့များတွင် ဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်ထိုးနှံခဲ့ပြီးသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဧပြီလ(၂၇)နှင့်ဧပြီလ(၂၈)ရက်တို့တွင် ဆက်လက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)