ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီမှ ဦးဆောင်ပြုလုပ်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ဟားခါး ဧပြီ ၂၈

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီမှ ဦးဆောင်ပြုလုပ်သည့် သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၆၀)နှစ်နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (COVISHIELD) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံးနှင့် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးမှုကို ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ခဲ့ကြသည်။

ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးပြီးသူများကို မိနစ်(၃၀)ခန့် အနားယူ စေခဲ့ပါသည်။

ချင်းပြည်နယ်အတွင်း မြို့နယ်များရှိ သံဃာတော်များ၊ သီလရှင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၆၀)နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (COVISHIELD) ဒုတိယအကြိမ်ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယနေ့အထိ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)