ဘားအံ ဧပြီ ၂၇
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၇/၂၀၂၁)ကို ယနေ့ နံနက် ၉ နာရီခွဲခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက နိုင်ငံဝန်ထမ်းများ အနေဖြင့် မည်သည့်အစိုးရတက်စေကာမူ ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်း မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ကူးစက်မှုနှုန်း ၇၀ ရာခိုင်နှုန်ခန့် မြန်ဆန်လာ၍ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့နှင့် ထိုင်းနိုင်ငံတို့တွင် ဖြစ်ပွားလျက်ရှိကာ မိမိတို့ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသော ထိုင်းနိုင်ငံ တက်ခ်ခရိုင်တွင်လည်း အနီရောင်အဆင့်ကို ကြော်ငြာထားပါကြောင်း၊ ထို့အတွက် ကြောင့် ကိုဗစ်-၁၉ နှင့်ပတ်သက်လို့ ပေါ့ဆ၍မရဘဲ သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မကြာခင်ကာလတွင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပြီး အခြေခံပညာကျောင်းများကိုလည်း အခမဲ့ပညာရေးစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း၊ စီမံကိန်းရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ကြရမည် ဖြစ်သလို ဌာနအသီးသီးတွင် ပေးအပ်ထားသည့် ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ CDM ဝန်ထမ်းများကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် မကြာမီကာလတွင် မိုးရာသီသို့ရောက်ရှိတော့မည်ဖြစ်၍ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့လိုကြောင်း၊ ဌာနဆိုင်ရာရုံးများ၏ ဥပဓိရုပ်ကောင်းမွန်အောင်လည်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းများအား ခြိမ်းခြောက်ပြောဆို အကြပ်ကိုင်ဖိအားပေးခြင်းများရှိပါက သတင်းပေးရန်နှင့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် တာဝန်များ ထမ်းဆောင်ရာတွင် အခက်အခဲရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြပေးကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ထပ်ဆင့်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)