စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့၌ အဲယားကွန်းအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

စလင်း ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ်(၃) ရပ်ကွက်၊ ပိုးအနောက်ရပ်တွင် ယမန်နေ့ည ၁၁ နာရီအချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပိုးအနောက်ရပ်၊ ဆုတောင်းပြည့်ဘုရားအရှေ့ဘက်နေ ဦးထွန်းအေး(ရွှေပန်းထိန်လုပ်ငန်း)၏ နေအိမ်တွင် ယမန်နေ့ည ၁၁ နာရီအချိန်ခန့်က အဲယားကွန်းအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ရာ နေအိမ်(၅)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ မီးလောင်ရာသို့ ဆင်ဖြူကျွန်းမြို့ ရဲစခန်းမှူး ရဲအုပ်ဝင်းမြင့်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှုး ဦးဝင်ဗိုလ်နှင့် သ​န္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ် (၅)စီး၊ မီးသတ်ရေသယ်ယာဉ် (၄)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ယမန်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၃၀ မိနစ်အချိန်၌ မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်(၅)လုံး ပျက်စီးဆုံးရှုံးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် (၂,၂၀၈,၀၀၀)ခန့်ရှိပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးထွန်းအေးအား အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

မောင်လွင်(ပြန်/ဆက်)