မြဝတီမြို့၌ ယာဉ်တိုက်မှုလျှော့ချစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်

မြဝတီ  ဧပြီ ၂၇

မော်တော်ယာဉ်စီးနင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းမကြီးဘေးရှိ ရတနာထွန်း စိန်ရွှေရတနာဆိုင်ရှေ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြဝတီမြို့အမှတ်(၇၃)ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးနေလင်း အောင်နှင့်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၇၆(ခ)တွင် မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းရာ၌ ရှေ့မီးအနိမ့်ကို နေ့ညအချိန်တိုင်းတွင် ဖွင့်ပြီး မောင်နှင်ရခြင်း၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်အချက်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် နှစ်အလိုက် ယာဉ်တိုက်မှုနှိုင်းယှဉ်ပြဇယားနှင့် ယာဉ်တိုက်မှုဖြစ်ပွားလျှင် လိုက်နာရမည့် အချက်များ ပါဝင်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)