ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဝဥစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

ကြာအင်းဆိပ်ကြီး ဧပြီ ၂၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဝဥစိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ဝဥများကို စနစ်တကျ စိုက်ပျိုးပြီး အထွက်နှုန်း တိုးတက်ကောင်းမွန်ထုတ်လုပ်နိုင်စေရေးနှင့် ဝဥဈေးနှုန်းများ မှန်ကန်စွာ တိုးတက်ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ဝဥစိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူများ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ဘေးကင်းသော စားသောက်ကုန်များ ထုတ်လုပ်ရောင်းချသုံးစွဲလာနိုင်စေရေးနှင့် ဝဥဈေးနှုန်းများ ဈေးနှုန်းမှန်ကန်စွာ ရရှိရောင်းချလာနိုင်စေရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီးက ဝဥများအထွက်နှုန်း တိုးတက်ကောင်းမွန်လာစေရေးအတွက် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး ပျိုးထောင်စိုက်ပျိုးမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများအား ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသည့် ဝဥစိုက်ပျိုးထုတ်လုပ်တောင်သူ (၁၇)ဦးဖြင့် ဝဥစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ယခုနှစ်အတွင်း ဝဥစိုက်ပျိုး ဧက (၁၀၀၀)ကျော် ဧကတစ်ထောင်ကျော်ခန့် စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး