မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ  အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိးထုတ်ပေးရေး "ပန်းခင်း"  စီမံချက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မကွေး     ဧပြီ     ၂၇

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှကြီးမှူး၍ တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံ သားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ  အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိးထုတ်ပေးရေး " ပန်းခင်း" စီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ မကွေးမြို့ လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ အမှတ် ၈၈ ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီးကျော်စိုးလွင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ  အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး "ပန်းခင်း" စီမံချက်ဆိုင်ရာ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၄) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်မြင့်က ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း တင်ပြခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး (တိုင်းဒေသကြီး ပြန်/ဆက်)