ဖြူး ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆−၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လေးအိမ်စု မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုးငွေနှင့် ပြည်သူလုပ်အား ထည့်ဝင်မှုဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာအတွင်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေကို ခေတ္တမြို့နယ်ဦးစီးမှူးနှင့် အဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါ လေးအိမ်စုကျေးရွာအတွင်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းအား မြစိမ်းရောင်စီမံကိန်းမှ ရရှိလာသော အတိုးငွေ ၁၃၇ ဒသမ ၈၃ သိန်းမှ (၆၅)သိန်းအား ပြည်သူလုပ်အား ထည့်ဝင်မှုဖြင့် ကျေးရွာတွင်း လမ်းအရှည် ၁၇၈၃ ပေ၊ အကျယ် (၁၂)ပေ၊ အမြင့် ၉ လက်မကို မတ်လ ၇ ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ လုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဖြူးမြို့နယ် ကျေးလက်ဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူးနှင့် အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
မနွယ် (ဖြူး)