ကျောင်းကုန်း ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်အုပ်စု၊တောင်ယာစုကျေးရွာ ၊ ပိန်းဂရက်လေး အခြေခံပညာမူလတန်းကျောင်း၌ ကရင်စာပေအခြေခံ ဆရာဖြစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်မောင်က မျက်စိနဲ့စာဖတ်ဖို့၊နားနဲ့စာဖတ်ဖို့၊ ခြေထောက်နဲ့စာဖတ်ဖို့အဓိကနှလုံးသားနဲ့စာဖတ်ကြဖို့ တိုက်တွန်းပြောကြားပြီး၊ အဖွဲ့ဝင် လ.ဝ.က ဦးစီးမှူး ဦးမျိုးဝင်းရှိန်က မြေမြို၍ လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မှာဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်အယ်သီဖောက ကရင်စာပေ သင်ကြား နေသူများ ဘွဲ့ရရှိပါက မူလတန်းဆရာဖြစ်သင်တန်းသို့ ဆက်လက်တက်ရောက်နိုင်ကြောင်း ပြောကြားခဲ့ပြီး၊ အိမ်မဲမြို့နယ် ကရင်စာပေယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ မန်းညှက်ပိန် နှင့် ကျောင်း ကုန်းမြို့နယ် ကရင်စာပေယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ မန်းဝင်းဌေးတို့က အသီးသီး အမှာစကား ပြောကြားခဲ့ကြသည်။
ထို့နောက် ကရင်စာပေအခြေခံ ဆရာဖြစ်သင်တန်းတွင် ပိုးကရင်၊ စကောကရင်တို့၌ ဆုရရှိကြသူ များကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြပြီး၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)